အရှေ့အလယ်ပိုင်းငြိမ်းချမ်း‌ရေးဟာအားလုံးအရေးဖြစ်တယ် (အမေရိကန်အစိုးရအာဘော်)

  • Policy Office

အီဂျစ်သမ္မတ ဖက်တယ်လ် အယ်လ်စီစီ (ဗဟို)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (ဗဟို-ဝဲ) တို့အဖွဲ့ကို လက်ခံတွေ့ဆုံကြောင်း အီဂျစ်သမ္မတရုံးက ထုတ်တဲ့ဓာတ်ပုံသတင်း။ (သြဂုတ် ၂၀၊ ၂၀၂၄)

အရှေ့အလယ်ပိုင်းဒေသ လတ်တလောခရီးစဥ်အတွင်း အရေးကြီးတဲ့သတင်းစကားတရပ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက ရှင်းလင်းစွာပြောကြားခဲ့ပါတယ်။ ဂါဇာမှာ အပစ်အခတ်ရပ်ပြီး အပြန်အလှန်အားဖြင့်ဓားစာခံတွေပြန်လွှတ်ပေးရေးဆိုတဲ့ သဘောတူညီမှုတွေရဖို့ အခုပဲ ဆောင်ရွက်မှဖြစ်မယ်ဆိုပြီး ပြောဆိုလိုက်တာပါ။

ဟာမတ်စ်တို့လက်ထဲက ဓားစာခံတွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်သန်ရေးအပေါ် အချိန်နဲ့အမျှ အန္တရာယ်ကျရောက်နိုင်တဲ့အတွက် အချိန်ဟာ အနှစ်သာရဖြစ်ပါတယ်လို့ ကာတာနိုင်ငံက သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken ကအလေးပေးပြောကြားသွားပါတယ်။

“အချိန်က အနှစ်သာရဖြစ်ပါတယ်။ ဂါဇာဒေသမှာရှိနေကြတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသားတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ မလုံမလောက်ဖြစ်နေကြတဲ့အတွက် ဒုက္ခရောက် နေကြပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကိုသူတို့ စခဲ့တာလည်းမဟုတ်သလို ရပ်သွားအောင်လည်း မလုပ်နိုင်ဘဲ အသက်အန္တရာယ်ကျရောက်မယ့်အနေအထားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒေသတွေင်း စစ်ပွဲတွေ ကြီးထွားလာနိုင်တဲ့အတွက် အချိန်နဲ့အမျှ အရေးကြီးနေပါတယ်။”

အခြေအနေတွေ ထပ်ဆိုးမလာအောင် အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့ အမေရိကန်ပြည်ထောင်စုက ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အီရန်နဲ့ ဟစ်ဇဘိုလာတို့အပါအဝင် ထပ်ပြီးပါဝင်ပတ်သက်လာနိုင်ခြေ ရှိသူတွေကိုလည်း စစ်ပွဲတွေ အရှိန်မြင့်မလာအောင် ဒါမှမဟုတ် ထပ်ပြီး ကျယ်ပြန့်မသွားအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့လည်း သတင်းစကားပါးထားပါတယ်။

ဟာမတ်စ်နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိကြတဲ့ ကာတာနဲ့ အီဂျစ်နိုင်ငံတို့ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင်ဆောင်ရွက်နေကြပါတယ်။ အပစ်အခတ်ရပ်စဲပြီး အပြန်အလှန်အားဖြင့် ဟာမတ်စ်တို့လက်ထဲက ဓားစာခံတွေပြန်လွှတ်ပေးရေးဆိုတဲ့ အသေးစိတ် သဘောတူညီမှုကို သမ္မတ ဂျိုးဘိုင်ဒန်က မေလမှာ အကြံပြုထားတာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း သမ္မတဘိုင်ဒန်ရဲ့ အကြံပြုချက်ကို ထောက်ခံထားပါတယ်။ အစ္စရေးလ်ဘက်ကတော့ ဒီသဘောတူညီချက်ကို လက်ခံလိုက်ပြီဖြစ်တဲ့အတွက် ဟာမတ်စ်တို့ဖက်က လက်ခံဖို့ မျှော်လင့်ပါတယ်လို့လည်း ဝန်ကြီးBlinken ကပြောပါတယ်။

ဒီအပစ်ရပ်သဘောတူညီချက်ကို လာမယ့်ရက်ပိုင်းအတွင်း အပြီးဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အဲဒီအတိုင်းဖြစ်မြောက်အောင် အမေရိကန်နိုင်ငံက တတ်နိုင်သမျှ အားလုံးဆောင်ရွက်သွားမယ် လို့လည်း နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောပါတယ်။

“ဒါဟာ ပင်လယ်နီထဲက ဟူသီတို့နဲ့ တင်းမာမှုတွေပြေလည်သွားစေမယ့် သော့ချက်လည်းဖြစ်ပါတယ်။ အစ္စရေးလ်နဲ့ဆော်ဒီအာရေဗျတို့ကြား သံတမန်ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ဖို့ နှစ်နိုင်ငံစလုံးက အလွန်စိတ်ဝင်စားနေကြဆဲဖြစ်တဲ့အတွက် ဒါကို အကောင်အထည်ဖော်နိုင်ကြမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပိုမိုငြိမ်းချမ်းလုံခြုံတဲ့လမ်းကြောင်းတခုပေါ် လူတိုင်းရောက်သွားအောင် အစ္စရေးလ်ဖက်က စပြီး ဆောင်ရွက်ရမယ့် သော့ချက်လည်းဖြစ်ပါတယ်။ ဓားစားခံတွေ အိမ်ပြန်နိုင်ရေးဆိုတာကတော့ အဓိကဖြစ်ပါတယ်။”

ဂါဇာဒေသမှာ ဓားစာခံအဖြစ်ရှိနေသူတွေထဲမှာ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။ သူတို့တတွေ မိသားစုရှိရာအမေရိကန်နိုင်ငံကို ပြန်လာနိုင်ဖို့၊ အသက်ဆုံးရှုံးခဲ့ရသူတွေဆိုရင်လည်း သူတို့ရဲ့အရိုးပြာတွေကို ပြန်သယ်လာနိုင်ဖို့အတွက် အမေရိကန်နိုင်ငံက အသေအချာဆောင်ရွက်သွားမယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းပြောကြား ထားပါတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားသွားပါတယ်။