အယ်နီညို သက်ရောက်မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး(အမေရိကန်အစိုးရအာဘော်)

  • VOA Policy

Nigeria Climate Food Security

၂၀၂၃ ခုနှစ်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ရေမျက်နှာပြင်အပူချိန် မြင့်တက်လာတဲ့ အယ်နီညို ဥတုရာသီ ဖြစ်စဥ်ကို ကြုံတွေ့ရတဲ့ နှစ်ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်ခြမ်းမှာ ဖြစ်ရိုးဖြစ်စဥ် ရာသီဥတုပုံစံတွေဟာ ပုံမှန်မဟုတ်တဲ့ ရေမျက်နှာပြင် ပူနွေးလာမှုရဲ့ သက်ရောက်မှုနဲ့ အပြောင်းအလဲတွေ ဖြစ်လာစေပါတယ်။ အယ်လ်နီညိုဟာ (၂) နှစ်ကနေ (၁၀) နှစ် ကြားမှာ တစ်ကြိမ် ပြန်လည် ဖြစ်လေ့ရှိပြီး ကမ္ဘာတဝန်းက ရာသီဥတုပုံစံတွေ အပေါ် သက်ရောက်မှုရှိပါတယ်။

ဒါက လက်တွေ့မှာ ဘယ်လို အဓိပ္ပာယ်ဆောင်ပါသလဲ။

"ပုံမှန်အားဖြင့်၊ အယ်နီညိုကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်နှုန်း ကျဆင်းမှုနဲ့ နိုင်ငံ အဆင့် အကျိုးသက်ရောက်မှုတွေ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေနိုင်တာကို တွေ့ရပါမယ်" လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ အထူးသံတမန် ဒေါက်တာ Cary Fowler က ပြောပါတယ်။ “ဂျုံ၊ ဆန်၊ ပြောင်း စတဲ့ အဓိက ကောက်ပဲသီးနှံအချို့ရဲ့ ထုတ်လုပ်မှုတွေ တကမ္ဘာလုံး ကျဆင်းနေတာကိုလည်း တွေ့ရပါမယ်။

“ပီရူးကမ်းရိုးတန်းမှာ ငါးထွက်နှုန်း ကျဆင်းလာတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ မကြာသေးမီကပဲ ပီရူးက ငါးနီတူ ငါးအမျိုးအစား ဖမ်းခွင့်ကို ပထမရာသီအတွက် ဆိုင်းငံ့ထား ကြောင်း ကြေညာခဲ့ပါတယ်။ ပီရူးက ဒီလို ပိတ်ပင်တာကို ၂၀၁၄-၁၅ ခုနှစ် အယ်လ်နီညို ဖြစ်စဥ်တုန်းကလည်း ဆောင်ရွက်ခဲ့ရပါတယ်။”

ငါးနီတူငါးက တိရစ္ဆာန်အစာနဲ့ ငါးအစာမှာ အဓိကကျလို့ ဒါက အရေးကြီးတယ်လို့ ဒေါက်တာ Fowler က ပြောပါတယ်။ဒီလို ငါးနီတူငါး ဖမ်းခွင့် ပိတ်ပင်လိုက်ရတာက နောက်ဆက်တွဲ ဆင့်ကဲ သက်ရောက်မှုအဖြစ် ကောက်ပဲသီးနှံတွေ ဈေးတက်လာစေပြီး ဒါက တဖြည်းဖြည်းနဲ့ ၁၉၇၀ အစောပိုင်းတုန်းက ကြုံခဲ့ရသလို ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်း ဆိုက်တဲ့အထိ ဦးတည်သွားနိုင်ပါတယ်။

“အယ်နီညိုဟာ ပဋိပက္ခ မြင့်တက်မှုနဲ့လည်း ဆက်နွယ်နေပါတယ်” လို့ ဒေါက်တာ Fowler ပြောပါတယ်။

“ဒါက ခြိမ်းခြောက်မှု အန္တရာယ်တွေကို ဆတိုးပွားစေနိုင်ပါတယ်။ အာဖရိကမှာ ပဋိပက္ခဖြစ်နိုင်ခြေကို နှစ်ဆတိုးစေပြီး ၁၉၅၀ ခုနှစ်ကစပြီး အဲဒီဒေသက ပဋိပက္ခတွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်မှာ အယ်နီညိုက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ”

“ကျွန်တော်တို့ ရာသီဥတုကို နေ့ချင်းညချင်း ပြောင်းလဲလို့ မရပါဘူး၊ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာန အနေနဲ့ အခု ရင်ဆိုင်နေရတဲ့ အယ်လ်နီညို ဖြစ်စဥ်နဲ့ အနာဂတ်မှာ ကြုံတွေ့ရမယ့် အယ်လ်နီညို ဖြစ်စဥ်တွေကို ကမ္ဘာကြီးက ဘယ်လို တုံ့ပြန်မလဲ ဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အစီအစဉ် အတော်များများမှာ အထောက်အကူတွေ ပေးနေပါတယ်” လို့ ဒေါက်တာ Fowler က ပြောပါတယ်။

ရာသီဥတုပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အာဖရိကတိုက်က သမားရိုးကျ ဒေသထွက်သီးနှံတွေ ဘယ်လို စိုက်ပျိုး ရှင်သန်နိုင်မလဲဆိုတာကို စူးစမ်းလေ့လာတဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲထားတဲ့ သီးနှံနဲ့ မြေဆီလွှာ စီမံကိန်းလို အစီအစဉ်တွေ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ရဲ့ အာဖရိကတိုက်ရှိ နိုင်ငံပေါင်းစုံအစီအစဉ်မှာလည်း ဥပမာ မိုးခေါင်ရေရှားဒဏ်ခံနိုင်တဲ့ ပြောင်းအမျိုးအစား စိုက်ပျိုးခြင်းနည်းပညာကို အာဖရိကတောင်ပိုင်းရှိ သန်းနဲ့ချီတဲ့ လယ်မြေတွေမှာ စမ်းသပ်နိုင်ဖို့ မိတ်ဆက်ပေးခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ နိုင်ငံခြားရေးဌာနကတဆင့် အာဖရိကသမဂ္ဂ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ နဲ့ စိုက်ပျိုးရေးအဖွဲ့ စတဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ အာဖရိကတိုက်က စတင်ပြီး ဒေသထွက်နဲ့ သမားရိုးကျ ရိုးရာ ကောက်ပဲသီးနှံတွေကို ပိုမိုအာရုံစိုက်ပြီး ရင်းနှီးမြှုပ်နှံ မှုတွေ ပိုမိုရရှိလာစေဖို့ လုပ်ဆောင်နေပါတယ်။ ဒါက အဲဒီဒေသတွေမှာ စားနပ်ရိက္ခာ ဖူလုံရေး ပံ့ပိုးပေးနိုင်ဖို့ အလားအလာ အများကြီး ရှိတယ်” လို့ ဒေါက်တာ ‌Fowler က ပြောပါတယ်။

“စားနပ်ရိက္ခာဖူလုံရေးအတွက် အခြေခံအချက်တွေကတော့ ရာသီဥတုနဲ့ စျေးကွက်လိုအပ်ချက်အတိုင်း လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့ မြေဆီမြေသြဇာကောင်းတဲ့ စိုက်ပျိုးမြေကြီးနဲ့ ကောက်ပဲသီးနှံတွေဖြစ်ပါတယ်” လို့လည်း ဒေါက်တာ Cary Fowler က ပြောပါတယ်။