နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မှု ကန် ခံပြင်းဒေါသဖြစ်

South Korea Myanmar

နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကို မြန်မာစစ်အာဏာပိုင်တွေ ကွပ်မျက်လိုက်တဲ့အပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ကြတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့အတူ အမေရိကန်ကလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အခြေခံလွတ်လပ်ခွင့်တွေကို ကျင့်သုံးခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကို မြန်မာစစ်အာဏာရှင်က ကွပ်မျက်ခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကကြေညာချက်ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂၁၀၀ ကျော် သေဆုံးပြီး၊ ၇ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသလို၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ အပါအဝင် ထောင်နဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထားကြောင်းလည်း ပြောပါတယ်။

စစ်တပ်က ထိန်းချုပ်တဲ့ တရားခွင်မှာ ကြားနာစစ်ဆေးပြီး တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို ကွပ်မျက်ခဲ့တာပါ။ ကွပ်မျက်မှုဟာ ကောက်ကျစ်ယုတ်မာပြီး လူ့အခွင့်အရေးကို စော်ကားတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပြီး၊ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေအပေါ် ရှုတ်ချကြဖို့၊ စစ်အာဏာရှင်နဲ့ ထောက်ခံသူတွေကို ဖိအားတွေ တိုးမြှင့်ရာမှာ မဟာမိတ်တွေ၊ မိတ်ဖက်တွေ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်အပေါ် လုပ်ရိုးလုပ်စဉ် သဘောထား ဆက်ဆံလို့ မရဘူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံကို စစ်ပစ္စည်းရောင်းချမှုတွေ တားမြစ်ဖို့၊ စစ်အာဏာရှင်ကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံတာတွေကို ရှောင်ကျဉ်ဖို့ နိုင်ငံအားလုံးကို အမေရိကန်က တိုက်တွန်းကြောင်းနဲ့ အာဆီယံအသင်းအနေနဲ့လည်း ဒေသတွင်းကိစ္စတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုသာ လက်ခံမယ့် မူဝါဒကို ဆက်လက် ကိုင်ဆွဲထားဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ဝင်ငွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြတ်တောက်နိုင်ဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားထားကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Price ကပြောပါတယ်။ မြန်မာပြည်သူတွေကို မထိခိုက်စေဘဲ၊ မြန်မာစစ်အာဏာရှင်အပေါ် အစွမ်းကုန် ဖိအားပေးနိုင်အောင် နောက်ထပ် ခြေလှမ်းတွေလှမ်းနိုင်ဖို့ မိတ်ဆွေနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရရှိရေး မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန်က အားပေးထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက် နောက်ထပ် ၁ ရက်တောင် မနေချင်တော့ဖူးဆိုတာကို ပြသခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီစိတ်ဓာတ်ကို လေးစားဖို့လည်း စစ်အာဏာပိုင်တွေကို တောင်းဆိုထားကြောင်းပါခင်ဗျာ။