မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြတ်အသတ်ရှုံးနိမ့်ပြီး ၃ လအကြာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအ ာဏာသိမ်းခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။
မြန်မာပြည်သူအများစုဟာ စစ် တပ်အာဏာသိမ်းတာကို အနုနည်းဆန္ဒပြကန့်ကွက်နေတာဒီကနေ့အထိပါပဲ။ စစ်ကောင်စီဟာ ရက်စက်ကြမ်းတမ်းနဲ့နည်းလမ်းတွေကိုအသုံးပြုပြီး ပြည်သူတွေရဲ့ဆန္ဒပြကန့်ကွက်မှုကို ဆက်လက်နှိမ်နင်းနေတာလည်းဒီကနေ့အထိဖြစ်ပါတယ်။ ပြီးခဲ့တဲ့လထဲတုန်းကလည်း မြန်မာပြည်အနှံ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို အပြင်းအထန်လုပ်ဆောင်တာတွေ့မြင်ခဲ့ ရတယ်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ မှတ်ချက်ပြုရေးသားထားပါတယ်။ တရုတ်၊ ရုရှားနဲ့ အခုအခါ လုံခြုံရေးကောင်စီအလှည့်ကျ သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ အိန္ဒိယတို့ကတော့ မဲမပေးဘဲနေခဲ့ကြပါ တယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေစပြီး နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားတာ ၂ နှစ်ခွဲကျော် ကြာလာတဲ့အထိ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ်ကျရောက်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန် ဆဲဖြစ်တယ်လို့လည်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး UNHCR ရဲ့နောက်ဆုံးထုတ်ပြန်တဲ့အစီရင်ခံစာမှာလည်း မြန်မာစစ်ကောင်စီဟာ အရပ်သားတွေကိုပစ်မှတ်ထားပြီး ထပ်တလဲလဲ လေကြောင်းကနေတိုက်ခိုက်နေကြောင်းနဲ့ လူနေထူထပ်တဲ့မြို့ပြကျေးရွာတွေကိုလုံးဝဖျက်ဆီးပစ်နေတယ်လို့ နိဂုံးချုပ်မှတ်ချက်ချထားကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးလ် (Linda Thomas-Greenfield) ကပြောပါတယ်။
အလားတူပဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ တာဝန်အပ်နှင်းထားတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ အချက်အလက်ရှာဖွေစုံစမ်းရေးကော်မရှင်ကလည်း - မြန်မာစစ်တပ်နဲ့သူရဲ့အပေါင်းအပါ လက်နှက်ကိုင်အဖွဲ့တွေ စစ်ရာဇဝတ်မှုကျူးလွန်တဲ့အထောက်အထားတွေ အခိုင်အမာတွေ့ရှိထားတယ်လို့ပြောထားပါတယ်။ အဲဒိအထဲမှာ အရပ်သားပြည်သူတွေကို ခွဲခြားစိစစ်ခြင်းမရှိဘဲ ဒါမှမဟုတ် အလွန်များပြားပြင်းထန်တဲ့ပမာဏနဲ့ အရပ်သားပြည်သူတွေကို နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်တာလည်းပါဝင်တယ်လို့ IIMM ကပြောထားပါတယ်။
အာဏာသိမ်းပြီး ၂ လအကြာမှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ ASEAN အသင်းကြီးရဲ့ ဘုံသဘောတူညီချက်အစီအစဉ်ကို လိုက်နာအကောင်အထည်ဖေါ်ဖို့ သဘောတူခဲ့ပါတယ်။ ဒီအစီစဉ်ထဲမှာ 'အကြမ်းဖက်တို က်ခိုက်မှုတွေချက်ခြင်းရပ်ဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်က-ကမကထပြုပြီး ပဋိပက္ခအတွင်းပါဝင်နေတဲ့ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးဖို့' ဆိုတဲ့အချက်ပါဝင်ပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်ဖို့တောင်းဆိုထားပြီး တရားမဲ့ဖမ်းဆီးထားတဲ့သူတွေအားလုံးကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ အာဆီယံရဲ့ အစီစဉ်ကိုအပြည့်အဝ လိုက်နာအကောင်အထည်ဖေါ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကိုလိုက်နာအကောင်အထည်ဖေါ်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂကပြောထားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ဆိုးရွားတဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်အောင်လုပ်ရပါမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပါတယ်။ မြန်မာစစ်တပ်ဟာ ပြောင်းလဲဖို့ငြင်းဆန်နေပြီး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့အတွက် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့တင်မလုံလောက်တော့ဘဲ လုံခြုံရေးကောင်စီအနေနဲ့ ဒိထက်ပိုတဲ့လုပ်ဆောင်မှုတွေကိုလုပ်ဖို့ အချိန်ကျနေပြီလို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကတိုက်တွန်းလိုက်ပါတယ်။
ငြိမ်းချမ်းရေးပြန်လည်ဖေါ်ဆောင်ဖို့၊ ဒီမိုကရေစီအစိုးရတရပ်ပေါ်ထွန်းဖို့၊ တရားဥပဒေစိုးမိုးဖို့ တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ကျနော်ကျမတို့အတူတကွရပ်တည်လျက်ရှိပါတယ်' လို့လည်း သူက ပြောခဲ့ပါတယ်။