၂၀၂၄ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု
(အမေရိကန်အစိုးရအာဘော်)
ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျား-မတန်းတူညီမျှရေး၊ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေး ကိစ္စတွေမှာ စွန့်လွှတ်စွန့်စားပြီး ထူးကဲတဲ့သတ္တိ၊ ခွန်အား၊ ခေါင်းဆောင်မှုတွေပြခဲ့တဲ့ ကမ္ဘာ့နေရာစုံကအမျိုးသမီးတွေကို နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆု ချီးမြှင့်ပြီး အမေရိကန်ကအသိအမှတ်ပြုပါတယ်။
အခုနှစ် ဆုရှင်တွေထဲမှာ Benefsha Yaqoobi ဟာ လက်ရှိပြည်ပမှာနေထိုင်ပေမဲ့ မသန်စွမ်းတဲ့ အာဖဂန်နိုင်ငံသားတွေအတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
Fawzia Karim Firoze ကတော့ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်ရှေ့နေတဦးဖြစ်ပြီး ဖယ်ကျဉ်ခံထားရတဲ့လူနည်းစုအခွင့်အရေးအတွက် နှစ်သုံးဆယ်ကျော်ကြာအောင် တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။
ဘဲလားရုစ်က Volha Harbunova ကတော့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူဖြစ်ပြီး ဘဲလားရုစ်က အမျိုးသမီးနဲ့ တခြားလူနည်းစုအုပ်စု အခွင့်အရေးတွေအတွက် သူ့အသက်ကို ပေးဆပ်ထားသူပါ။
Bosnia-Herzegovina က Ajna Jusic ကတော့ စစ်ပွဲကာလတွင်း လိင်ပိုင်းစော်ကားခံရပြီးမွေးဖွားလာကြတဲ့ ကလေးငယ်တွေအတွက် လူမှုရေးနဲ့ဥပဒေကြောင်းဆိုင်ရာ အကူအညီတွေပေးပြီး ဒီကိစ္စမှာ အထင်အမြင်သေးမှုတွေကိုပါ ဆန့်ကျင်ခဲ့သူပါ။
နောက်ထပ် ဆုရှင်တဦးဖြစ်သူ မြန်မာနိုင်ငံက ဒေါ်မဉ္ဇူဝင်းကတော့ ရှေ့နေတဦးဖြစ်ပြီး လူနည်းစုအသိုင်းအဝိုင်းအခွင့်အရေးအတွက် စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့သူပါ။
ကျူးဘားနိုင်ငံရေးအတိုက်အခံ Martha Beatriz Roque Cabello ဟာ ကျူးဘားနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ဘာသာရေးလွတ်လပ်ခွင့်တွေအတွက် ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအဖွဲ့အစည်းတွေကိုလည်းဖွဲ့စည်း ဦးဆောင်နေသူဖြစ်ပါတယ်။
ဆုရှင်တဦးဖြစ်သူ Fátima Corozo ကတော့ အီကွေဒေါနိုင်ငံရဲ့ အကြမ်းဖက်မှုတွေအများဆုံး Esmeraldas မြို့က လူငယ်ခေါင်းဆောင်တဦးဖြစ်ပါတယ်။
ဂန်ဘီယာနိုင်ငံမှာတော့ အမျိုးသမီးလိင်အာရုံခံအင်္ဂါဖျက်ဆီးမှုကို ၂၀၁၅ ခုနှစ် က ပိတ်ပင်ထားတဲ့အပေါ် ပြန်ရုပ်သိမ်းဖို့ လွှတ်တော်မှာဆွေးနွေးနေချိန်မှာပဲ ဆုရှင် Fatou Baldeh ဟာ ဒီလို ချိုးဖောက်ခံရမှုကနေ ရှင်သန်ကျန်ရစ်သူဖြစ်ပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အလားတူ ဒီဖြစ်ရပ်မျိုးမခံရအောင် အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေသူဖြစ်ပါတယ်။
နောက်ထပ်ဆုရှင် Fariba Balouch ကတော့ လန်ဒန်အခြေစိုက် အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ဒီလို သူ့ရဲ့ဆောင်ရွက်မှုတွေကြောင့် အီရန် အာဏာပိုင်တွေက အီရန်မှာရှိတဲ့ သူ့သားဖြစ်သူနဲ့အကိုဖြစ်သူကို ထိန်းသိမ်းခဲ့ပြီး သူ့ကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုလုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံက Rina Gonoi ကတော့ စစ်တပ်အတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်စော်ကားမှုတွေကို ဖော်ထုတ်ပြောဆိုခဲ့သူပါ။
မော်ရိုကိုနိုင်ငံက Rabha El Haymar ဟာ သမီးဖြစ်သူကို အထောက်အထားမဲ့ကလေးငယ်တဦးဘဝကနေ အနာဂတ်ပေါ်လာစေဖို့ သူရဲ့ ရိုးရာအရ လက်ထပ်ထိမ်းမြားမှု အသိအမှတ်ပြုခံရရေး အောင်အောင်မြင်မြင်တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။
ဆုရှင်နောက်တဦးဖြစ်တဲ့ Agather Atuhaire ဟာ အထင်ကရသတင်းသမား၊ ရှေ့နေ၊ လူမှုမျှတရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ယူဂန်ဒါနိုင်ငံတွင်း လူ့အခွင့်အရေး အုပ်ချုပ်ရေးပိုင်းတာဝန်ခံမှု/တာဝန်ယူမှု၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေအတွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကမှ နီဂွာရာကွာမှာပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦးထဲက အမျိုးသမီး ၉ ဦးနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်နေတဲ့ အများအပြားသော တခြား နီဂါရာကွာ တက်ကြွလှုပ်ရှားသူတွေကိုတော့ The Madeleine Albright ဂုဏ်ထူးဆောင်အဖွဲ့ဆုအဖြစ် ပေးအပ်ခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောခဲ့သလိုပါပဲ၊ “ပိုပြီးကောင်းမွန်တဲ့ တည်ငြိမ်မှု ပိုပြီးကောင်းမွန်တဲ့ တန်းတူညီမျှမှု ပိုပြီးကောင်းမွန်တဲ့ အခွင့်အလမ်းတွေအတွက် သတ္တိရှိရှိ စွမ်းဆောင်နေတဲ့ အမျိုးသမီးတိုင်းနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေပါတယ်။”