Accessibility links

Breaking News

စိန်ခေါ်ချက်တွေအတွက် NATO အသင့်ရှိနေ (အမေရိကန်အစိုးရအာဘော်) 


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များ။ (ဇူလိုင် ၉၊ ၂၀၂၄)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များ။ (ဇူလိုင် ၉၊ ၂၀၂၄)

မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်(NATO) အဖွဲ့တည်ထောင်မှု ၇၅ နှစ်ပြည့်အစည်းအဝေးတက်ရောက်လာကြတဲ့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့ မိတ်ဖက်နိုင်ငံကိုယ်စားလှယ်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကဝါရှင်တန်မှာ ကြိုဆိုခဲ့ပါတယ်။

“ဝါရှင်တန်သဘောတူစာချုပ်ကို ဒီမှာပဲ လက်မှတ်ရေးထိုးခဲ့ကြပြီး ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်ရေးမဟာမိတ်အဖွဲ့ဖြစ်တဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။”

ဒီကနေ့မှာတော့ နေတိုးအဖွဲ့က ပိုမိုအင်အားကြီးလာပြီး အရင်းအမြစ်တွေလည်း ပိုကောင်းလာတယ်လို့ သမ္မတ ဘိုင်ဒန်ကပြောပါတယ်။

“အရင်ကထက် ပိုပြီး အင်အားကောင်းလာတယ်ဆိုတာ ကောင်းမွန်တဲ့အရာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကာလဟာ နေတိုးအဖွဲ့ရဲ့ စုပေါင်းအင်အားတွေလိုအပ်နေတဲ့ သမိုင်းဝင်အချိန်အခါဖြစ်နေလို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်ကတည်းက ကမ္ဘာ့ဒေသအတော်များများမှာ တည်ငြိမ်နေတဲ့အခြေအနေတွေကို အာဏာရှင်တွေပြောင်းပစ်ချင်နေကြပါတယ်။ အကြမ်းဖက်အုပ်စုတွေဟာ လူမှုအသိုင်းအဝန်းက အခြေအနေတွေ ပရမ်းပတာဖြစ်ပြီး နာကျင်ထိခိုက်အောင် ဆက်ပြီးကြံစည်ဆောင်ရွက်နေပါတယ်။

ဥရောပမှာဆိုရင် ရရှားသမ္မတပူတင်က ယူကရိန်းကို ဆက်ပြီးကျူးကျော်တိုက်ခိုက်နေပါတယ်။ ယူကရိန်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ပူတင်ကလိုလားနေတာပါ။ ယူကရိန်းနိုင်ငံမှာတင် ပူတင်ရဲ့လုပ်ရပ်တွေ ရပ်သွားမှာမဟုတ်ဘူးဆိုတာ ကျနော်တို့သိကြပါတယ်။ ကျနော်တို့ အမှားလုပ်မိလို့မဖြစ်ပါဘူး။ ပူတင်ကို ယူကရိန်းက ဟန့်တားနိုင်ပါလိမ့်မယ်။ နေတိုးအဖွဲ့ဘက်က တညီတညွတ်တည်း အပြည့်အဝ ပံ့ပိုးကူညီမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ နေတိုးအဖွဲ့ရဲ့ အားပေးထောက်ခံမှုကိုလည်း ယူကရိန်းက အပြည့်အဝရရှိထားပါတယ်။”

ယူကရိန်းနဲ့ နှစ်နိုင်ငံလုံခြုံရေးသဘောတူညီမှုစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နေတိုးမဟာမိတ်နိုင်ငံ ၂ ဒါဇင်လောက်ရှိပြီး ထပ်တိုးလာဖို့လည်းရှိတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ နယ်သာလန်၊ ရိုမေးနီးယားနဲ့ အီတလီနိုင်ငံတို့က ယူကရိန်းကို နောက်ထပ်မဟာဗျူဟာမြောက် လေကြောင်းရန်ကာကွယ်ရေးစနစ် ၅ ခု ပေးအပ်မယ်လို့လည်း သမ္မတဘိုင်ဒန်က ကြေညာခဲ့ပါတယ်။ လာမယ့်လတွေအတွင်း အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတို့က ယူကရိန်းအတွက် နည်းဗျူဟာမြောက် လေကြောင်းရန်ကာကွယ်ရေးစနစ် ဒါဇင်နဲ့ချီပေးပို့သွားဖို့ ရည်ရွည်ထားတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဒီစစ်ပွဲမှာ ရုရှားတို့ ကျရှုံးနေပြီဆိုတာ သံသယရှိစရာမလိုပါဘူးလို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

“စစ်ဆင်နွှဲနေတဲ့၂ နှစ်ကျော်အတွင်း ပူတင်ဘက်က ဆုံးရှုံးမှုက အတော်ကြီးပါတယ်။ ရုရှားတပ်သား ၃ သိန်းခွဲလောက် သေဆုံးဒဏ်ရာရခဲ့ပါတယ်။ လူငယ်အများစုပါတဲ့ ရုရှားပြည်သူတသန်းလောက်ဟာ သူတို့နိုင်ငံထဲမှာအနာဂတ်ကင်းမဲ့နေတဲ့အတွက်ဆိုပြီး တိုင်းပြည်ကထွက်ခွါသွားကြပါတယ်။ Kyiv မြို့ကတော့ ၂ နှစ်ခွဲကျော် စစ်ပွဲကြားမှာ ခုချိန်ထိမားမားမတ်မတ်ရပ်တည်နေဆဲဖြစ်ပြီး မယိမ်းမယိုင် ဆက်လက်ရပ်တည်နေမှာဖြစ်ပါတယ်။”

နေတိုးကတော့ ကမ္ဘာ့လုံခြုံရေးကို အကာအကွယ်ပေးနေတဲ့ခံတပ်ကြီးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

“အရေးကြီးတဲ့အချိန်သမယရောက်တိုင်း တွေဝေမှုအစား စည်းလုံးညီညွှတ်မှု၊ ဆုတ်ခွါမှုထက် ရှေ့ဆက်တိုးတက်မှု၊ ဖိနှိပ်မှုထက် လွတ်လပ်မှု၊ အကြောက်တရားထက် မျှော်လင့်ချက်တွေကို ကျနော်တို့အကြိမ်ကြိမ်ရွေးချယ်ခဲ့ကြပါတယ်။ အတ္တလန်တိတ်တဘက်ခြမ်းက မဟာမိတ်နိုင်ငံတွေနဲ့ထပ်တူ ငြိမ်းချမ်းပြီး သာယာဝပြောရေးဆိုတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ကို ကျနော်တို့အဖွဲ့က ဆက်လက်ထောက်ခံပံ့ပိုးပေးနေပါတယ်။”

အဲဒီရည်မှန်းချက်တွေ ဒီကနေ့မှာရော နောင်အနာဂတ်အထိ ဆက်တက်တည်မြဲနေအောင် နေတိုးအဖွဲ့က ဆောင်ရွက်သွားဖို့အဆင်သင့်ပဲဆိုတာ ကြေညာနိုင်ဖို့ ဒီညီလာခံမှာ စုဝေးရောက်ရှိလာတာဖြစ်ပါတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။

စိန်ခေါ်ချက်တွေအတွက် NATO အသင့်ရှိနေ (အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:03:55 0:00

XS
SM
MD
LG