လူသားခြင်းစာနာမှုကူညီခွင့်ပိတ်ပင်တာဟာ ကုလသမဂ္ဂက စောင့်ကြည့်နေတဲ့ ကလေးများအခွင့်အရေးဆိုင်ရာ ဆိုးဆိုးဝါးဝါး ချိုးဖေါက်မှု ၆ ခုထဲက တခုဖြစ်ပါတယ်။ ဒီလိုငြင်းပယ်တာဟာ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့အသက်ရှင်ခွင့် စတဲ့ခြေခံ အခွင့်အရေးတွေကိုချိုးဖောက်ရာကျပါတယ်။ ကလေးတွေအသက်ရှင်ရပ်တည်နိုင်မယ့် အထောက်အပံ့တွေပေးပို့တာကို တားမြစ်တဲ့ အစိုးရအဖြစ်စေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဖြစ်စေ ဒီအဖွဲ့တွေကိုအရေးယူဖြေရှင်းရမှာဖြစ်ပါတယ်။
ရှင်းရှင်းဘဲပြောပါရစေ၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုဟာ ကလေးတွေကိုခြိမ်းခြောက်တာပါပဲ လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောဆိုပါတယ်။
“ ကမ္ဘာ့ဘယ်နေရာမှာမဆို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေအတွင်း သန်းနဲ့ချီတဲ့ကလေးတွေဟာ အသက်ရှင်မှုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစားအစာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ဆေးဝါးကုသမှုနဲ့ ပညာရေး စတဲ့အထောက်အပံ့တွေ ဆိုးဆိုးဝါးဝါးလိုအပ်နေပါတယ်။”
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာကလေးတွေဟာ အသတ်ခံတာ၊ ဖမ်းဆီးခံရတာ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေရှိပါတယ်။ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် ကလေးတွေသေဆုံးရသလို၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ အိမ်တွေလည်း ပျက်စီးကုန်ပါတယ်။ အာဖဂန်နစ္စတန်မှာ မိန်းကလေးငယ်တွေ စနစ်တကျခွဲခြားဖိနှိပ်တာကိုခံနေရချိန်မှာ ယီမင်နိုင်ငံမှာတော့ ဟူသီသူပုန်တွေဟာ ကလေး ၁၁ သန်းလောက်အတွက် အသက်ရှင်သန်ရေး အခြေခံအထောက်အပံ့တွေ ပေးပို့တာကို ဟန့်တားနှောက်ယှက်နေတယ်လို့ သံအမတ်ကြီးလင်ဒါသောမတ်စ်ဂရင်းဖီးလ်ကပြောပါတယ်။
ကံမကောင်းစွာဘဲ ကလေးတွေအကြောက်တရားနဲ့နေနေရတဲ့နေရာတွေဟာ တိုးသထက်တိုးလာနေပါတယ်။
“ ဘာကီနာဖာဆိုအပါအဝင် အာဖရိက ဆဟာရဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် ကျောင်းတွေအားလုံးရဲ့ လေးပုံတပုံပိတ်ထားရပြီး၊ သိန်းနဲ့ချီတဲ့ကလေးတွေဟာ အဟာရချို့တဲ့မှုဒဏ်ခံစားနေရပါတယ်။”
အစ္စရေးမှာလည်း အောက်တိုဘာလ ၇ ရက်နေ့တုန်းက ကလေးတွေဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာခံ ခဲ့ရပါတယ်။ ဒါ့အပြင် ရော့ကက်တွေနဲ့ ပစ်ခတ်နေတာကိုလည်း ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဂါဇာဒေသမှာတော့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ထောင်နဲ့သောင်းနဲ့ချီတဲ့ ကလေးတွေ သေဆုံးတာ၊ မိဘမဲ့ဖြစ်ရတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေ ဖြစ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တို့ကို အများဆုံးဦးဆောင်လှုဒါန်းတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဂုဏ်ယူစရာပါလို့ သံအမတ်ကြီး သောမတ်စ်ဂရင်းဖီးလ်ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာကြီးကိုပိုမိုလုပ်ဆောင်ကြဖို့၊ ပိုမိုလှူဒါန်းဖို့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေအတွင်းက ကလေးတွေအတွက် ပိုမိုလုပ်ဆောင်ကြဖို့တိုက်တွန်းနေပါတယ်။
“ ကလေးတွေရဲ့ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အဓိကကျတဲ့ သူတို့ရဲ့မိသားစု၊ အစာအဟာရ၊ ဆေးဝါးနဲ့ တကိုယ်ရေသန့်ရှင်းမှု စတာတွေကို ဖူလုံအောင်ကာကွယ်စောင့်ရှောက်ရပါမယ်။”
ကလေးတွေကို ကလေးပီပီသသ ပျော်ရွှင်ကစားနိုင်အောင် အာမခံရပါမယ်။ ဒီအခွင့်အရေးတွေကိုအကာကွယ် ပေးရပါမယ်။ ပဋိပက္ခတွေအတွင်းက ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရပါမယ်။ ဒါ့အပြင် သူတိုရဲ့ အနာဂတ်အတွက် အထောက်အပံဖြစ်စေမယ့်အရာတွေကိုလည်းစဉ်းစားဆောင်ရွက်ပေးရပါမယ်လို့ သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်ဖီးလ်းက ပြောဆိုခဲ့ပါတယ်။
ကလေးတွေကိုလုံခြုံအောင်လုပ်ပေးနိုင်ရင် ကလေးတွေကို လုံခြုံနွေးထွေးစေပြီး၊ ကောင်းမွန်စွာပြုစုနိုင်ပါမယ်။ ဒါအပြင် သူတို့ရဲ့ ရှင်သန်ကြီးထွားရေးအတွက်လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံပိုးကူညီမှုတွေပေးတာဟာ၊ သူတို့ရဲ့အနာဂတ်ကိုလုံခြုံအောင် လုပ်ပေးလိုက်တယ်ဆိုတာတင်မကဘဲ အားလုံးအတွက် ပိုမိုငြိမ်းချမ်းတဲ့ကမ္ဘာကြီးကို တည်ဆောက်လိုက်တာပါလို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ် က ပြောဆိုခဲ့ပါတယ်။