စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ တာဝန်ခံမှုရှိလာရေးအတွက် နိုင်ငံတကာ တရားရေးစနစ် ခိုင်မာအားကောင်းစေရေးမှာ အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ပိုင်းဖြတ်ဆောင်ရွက်တဲ့ မိတ်ဖက်တနိုင်ငံဖြစ်ပါတယ်။ ဒီ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု တာဝန်ယူမှုဟာဆိုရင် ပဋိပက္ခတွေနောက်ပိုင်း တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အဓိကကျပါတယ်။
ဖိနှိပ်မှုတွေ ဒါမှမဟုတ်လည်း ပဋိပက္ခတွေကနေ လွတ်မြောက်လာတဲ့နိုင်ငံတွေမှာ အားလုံးပါဝင်တဲ့ အလုံးစုံ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားစီရင်ရေးအစီအစဉ်တွေ ထွက်ပေါ်လာရေး ဆောင်ရွက်ကြဖို့ အမေရိကန်ပြည်ထောင်စုက စိတ်တူသဘောတူ နိုင်ငံတွေနဲ့ မိတ်ဖက် တည်ဆောက်ပြီး တိုက်တွန်းနေပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဒီကဏ္ဍမှာ ထူးခြားတဲ့ ဆန်းသစ်ပြောင်းလဲမှုတွေ တွေ့မြင်ရပါတယ်။ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာလည်း ဗဟိုချုပ်ကိုင်မှုလျော့ကျလာပြီး ဘက်ပေါင်းစုံ ပါဝင်မှု တိုးလာပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC ဟာ ဒီ စနစ်ကြီးထဲမှာ အရေးကြီး အခရာ ကျတဲ့ တချိန်တည်းမှာဘဲ ပြည်တွင်း မှာရော နိုင်ငံတကာအဆင့်တွေမှာပါ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ ဖြစ်ပေါ်နေပါတယ်။
နိုင်ငံတွေအနေနဲ့ သူတို့စီရင်ပိုင်ခွင့် ရှိတဲ့ကိုယ်ပိုင်တရားရုံးတွေမှာ နိုင်ငံတကာရာဇဝတ်မှုခင်းတွေကို တရားစီရင်ရေးတင်သွင်းနေကြပါတယ်။ နိုင်ငံရဲ့ စစ်ရာဇဝတ်မှုများဆိုင်ရာအဖွဲ့တွေဟာဆိုရင်လည်း သက်သေအထောက်အထားတွေ၊ မဟာဗျူဟာတွေ၊ သတင်းအချက်အလက်တွေနဲ့ ဖမ်းဆီးရေးတို့မှာ ပိုပြီး ပူးပေါင်းဆောင်ရွက်လာကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက ငွေကြေးပံ့ပိုးပေးထားတဲ့ အဖွဲ့အစည်းအများအပြားပါဝင်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာဆိုရင် ဒီ တရားစီရင်ရေးလုပ်ငန်းတွေမှာ အရေးကြီးသူတွေအဖြစ် ပေါ်ထွက်လာကြပါတယ်။ အသက်ရှင်လွတ်မြောက်လာသူတွေ ဦးဆောင်လေ့ရှိတဲ့ ဒီအဖွဲ့အစည်းတွေဟာဆိုရင် တရားစီရင်ရေးလုပ်ငန်းစဉ်တွေကို ပေးပို့နိုင်ရေးအတွက် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ သက်သေဖြစ်လာနိုင်တဲ့အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ အကဲဖြတ်စုဆောင်းနေပါတယ်။
ရာဇဝတ်မှုတွေကိုမှတ်တမ်းတင်ပြီး ကျူးလွန်သူတွေတာဝန်ခံလာစေရေးဆောင်ရွက်ဖို့ အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ စိတ်တူ သဘောတူနိုင်ငံတွေ ၊ အသက်ရှင် ကျန်ရစ်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။