ဒီဇင်ဘာ ၁ ရက်နေ့ဟာ ၃၅ နှစ်မြောက် ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ World Aids Day ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန၊ ကမ္ဘာလုံးဆိုင်ရာ AIDS ညှိနှိုင်းရေးမှူးလည်းဖြစ်၊ ကျန်းမာရေးနဲ့သံတမန်ရေးရာဌာန အကြီးတန်းအရာရှိ John Nkengasong က..ဒီကနေ့ဟာ HIV/AIDS တိုက်ဖျက်ရေးမှာ ကျနော်တို့ ဘယ်အခြေအနေမျိုးကလာခဲ့ကြတယ်ဆိုတာ သတိရဖို့၊ စုပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်တိုးတက်မှုတွေနဲ့ ကျနော်တို့ ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးရှည်ကြီးကို အောက်မေ့ဆင်ခြင်ရမယ့် အခွင့်အလမ်းတခုဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
၂၀၂၃ ခုနှစ်ဟာ PEPFAR လို့ခေါ်တဲ့ အမေရိကန်သမ္မတရဲ့ အေအိုင်ဒီအက်စ် ကယ်ဆယ်ရေးအရေးပေါ် အစီအစဉ်စတင်မိတ်ဆက်ခဲ့တဲ့ အနှစ် ၂၀ နှစ်မြောက်နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။
“အာဖရိကတိုက် နိုင်ငံအတော်များများမှာ လူ့သက်တမ်းတွေသိသိသာသာ တိုသွားပါတယ်။ အဲဒီနိုင်ငံတချို့မှာ HIV/AIDS ခံစားနေရသူအတော်များတဲ့ အတွက် လူတွေ မျိုးသုဉ်းပျောက်ကွယ်မယ့် လမ်းဘက်ကို ဦးတည်နေပါတယ်။ ကျနော့်အမြင်အရဆိုရင်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀၊ PEPFAR ကို ဖန်တီးခဲ့တုန်းက ဒါဟာ ကြီးမားတဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်နေရတဲ့ တိုက်ကြီးတခုလုံးကိုကယ်တင်ဖို့ အမေရိကန်ပြည်သူတွေ စည်းလုံးညီညွှတ်စွာဆောင်ရွက်ခဲ့တဲ့အကြီးမားဆုံးတန်ဖိုးတွေဖြစ်ပါတယ်။
“ဒီနှစ် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ရဲ့ ဆောင်ပုဒ်က “သတိရပါ ကတိပြုပါ”…ဆိုတဲ့စကားဖြစ်ပါတယ်။
“PEPFAR နဲ့ Global Fund တို့ရဲ့အခြားအစီအစဥ်တွေလည်း အောင်မြင်ခဲ့တာကြောင့် HIV/AIDS ဆိုတာ ဘယ်လိုပုံပန်းသဏ္ဍန်လဲဆိုတာ လူတွေ မေ့ကုန်ပါပြီ။ Botswana က ကလေးလေးတယောက် HIV ပိုးကင်းစင်ပြီးမွေးဖွားလာတာပဲဖြစ်ဖြစ်၊ ဆေးကုသမှုအကျိုးကျေးဇူးတွေကြောင့် ပုံမှန်ရှင်သန်ရပ်တည်နေတဲ့ HIV ပိုးရှိတဲ့အမျိုးသမီး HIV ပိုးကင်းတဲ့ကလေး မွေးထုတ်နိုင်တာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ထူးခြားတဲ့ဖြစ်ရပ်တွေပါ။ အဲဒီလိုအဖြစ်မျိုးတွေက ပြန်ပြောရမယ့်ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။”
“HIV အေအိုင်ဒီအက်စ်ရောဂါကုသမှုရဲ့ အောင်မြင်မှုတွေဟာ နုနယ်ပါတယ်။ ဒါကြောင့် အောင်မြင်မှုတွေကို ဆက်ပြီးစောင့်ကြည့်ရမှာပါ။ HIV ပိုးရှိနေသူတယောက်ဟာ ငါးပတ်အတွင်း ကုသမှုတွေရပ်ပစ်လိုက်ပြီဆိုရင် ဗိုင်းရပ်စ်ကပြန်ပေါ်လာတဲ့အတွက် အဲဒီလူနာဟာ နောက်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ သေဆုံးနိုင်သလို သူ့ကတဆင့် တခြားသူကိုလည်း ကူးစက်စေနိုင်ပါတယ်။”
“ဒါကြောင့်မို့လို့ ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုဖြစ်တဲ့ ဒီရောဂါကို ၂၀၃၀ အရောက်မှာလုံးဝကင်းစင်သွားအောင် HIV အစီအစဥ်တွေကို ဆက်လက်ထားရှိရေး နိုင်ငံရေးအရ ဆက်လက်ဆောင်ရွက်နေဖို့ အလွန်အရေးကြီးပါတယ်။”
ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရေး၊ ရောဂါ ကာကွယ်တားဆီးရေး၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုကို ဦးစားပေးဆောင်ရွက်ခြင်းအားဖြင့် UNAID ရဲ့ 95-95-95 ပန်းတိုင်ကိုပြည့်မီရန် မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက ရည်မှန်းထားပါတယ်။
၉၅-၉၅-၉၅ ဆိုတဲ့ ရည်မှန်းချက်ကတော့ HIV ပိုးရှိတဲ့ လူ ၉၅ ရာခိုင်နှုန်း၊ သူတို့ရဲ့ HIV အခြေအနေကိုသိရှိဖို့၊ ပိုးရှိသူ ၉၈ ရာခိုင်နှုန်း ကုသမှုခံယူဖို့နဲ့ ကုသခံနေရသူ ၉၅ ရာခိုင်နှုန်းကို ကိုယ်တွင်းက ဗိုင်းရပ်စ်အရေအတွက် အနည်းဆုံးဖြစ်သွားအောင် ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။
"ကျနော်တို့ရဲ့ နည်းဗျူဟာတွေ လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ပြီး ကျန်နေသေးတဲ့ HIV ပိုးရှိသူတွေကို ရှာဖွေပြီး ကုသမှုပေးဖို့၊ AIDS ရောဂါဖြစ်မလာအောင် ကုသမှု ဆက်လက်ခံယူအောင် ဆောင်ရွက်ရပါလိမ့်မယ်။ ကိုယ်တွင်းက ပိုးအရေအတွက် သိပ်ကိုနည်းနေမှ အခြားလူတွေကို ကူးစက်နိုင်မှာမဟုတ်ပါဘူး။ HIV/ AIDS ရဲ့အဆုံးသတ်က အဲဒီလိုမျိုးဖြစ်ရမှာပါ။”
အမေရိကန်အစိုးရရဲ့ HIV တိုက်ဖျက်ရေးလုပ်ငန်းကို တကမ္ဘာလုံးက အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးက သိထားတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ခေါင်းဆောင်မှုနယ်ပယ်တွေထဲက တခုဖြစ်ပြီး ဒါကို လက်လွှတ်ခံဖို့မဖြစ်ပါဘူး ။ အရေးကြုံလာတဲ့အခါ အမေရိကန်နိုင်ငံက ရှေ့တန်းမှာရှိနေခဲ့တာကို ဂုဏ်ယူသင့်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ခေါင်းဆောင်မှုကြောင့် လူ့အသက် ၂၅ သန်းလောက်တို့ရဲ့အသက်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။