၂၀၂၄ ခုနှစ် အလုပ်သမားနေ့ (အမေရိကန်အစိုးရအာဘော်)

  • Policy Office

မီရှီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့ အထက်တန်းကျောင်းမှာကျင်းပတဲ့ အလုပ်သမားနေ့မှာ ဒုသမ္မတ ကာမလာဟဲရစ်မိန့်ခွန်းကို နားထောင်နေကြတဲ့ ပရိသတ်များ။ (စက်တင်ဘာ ၂၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလရဲ့ ပထမဆုံးတနင်္လာနေ့ကို အလုပ်သမားနေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတွင်းကအလုပ်သမားတွေနဲ့ နိုင်ငံရဲ့ အောင်မြင်မှုတွေမှာ သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုကို ဂုဏ်ပြုမတာဖြစ်ပါတယ်။ သမ္မတJoe Biden ကတော့ အမေရိကန်ပြည်ထောင်စုကို လူလတ်တန်းစားတွေက တည်ဆောက်ပြီး အလုပ်သမားသမဂ္ဂတွေကလူလတ်တန်းစားကို တည်ဆောက်တယ်လို့ ပြောဆိုထားပါတယ်။ ဒီပြောဆိုချက်မှာ အမှန်တရား အများအပြား ပါဝင်ပါတယ်။

၁၈၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ ကျေးလက်ဒေသတွေမှာ လုပ်သားတွေရဲ့ နေရာကို စက်တွေနဲ့စပြီး အစားထိုးဝင်ရောက်လာပေမဲ့ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက စက်မှုမြို့ကြီးတွေမှာ အလုပ်အကိုင်သစ် အများအပြားပေါ်ထွန်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းစစ် စစ်မြေပြင်ကနေ ပြန်လာကြတဲ့အမျိုးသားတွေဟာ အလုပ်အကိုင်ရှာဖို့ကျေးလက်ကနေခွာပြီး အလျင်အမြန်ဖွံ့ဖြိုးလာတဲ့ စက်မှုမြို့ကြီးတွေကို သွားခဲ့ကြတာပါ။ တချိန်တည်းမှာပဲအလုပ်အကိုင်နဲ့ အခွင့်အလမ်းသစ်တွေကို ရှာဖွေဖို့အတွက် အဓိက ဥရောပကနေ ရွှေ့ပြောင်း အခြေချသူတွေလည်း တသုတ်ပြီးတသုတ် ဝင်ရောက်လာကြပါတယ်။

ဒါပေမဲ့လည်း စက်ရုံလုပ်သားတွေအဖြစ် အခွင့်အလမ်းတွေက မရေမရာဖြစ်ခဲ့ပါတယ်။ စက်ရုံတွေ၊ သံမဏိထုတ်လုပ်ရေးစက်ရုံတွေနဲ့ သတ္တု တူးဖော်ရေးလုပ်ငန်းတွေမှာ တရက် ၁၂ နာရီ၊ တပတ် ၇ ရက်၊ တခါတရံ ကြမ်းတမ်းပြီးအန္တရာယ်များတဲ့အခြေအနေတွေမှာ လုပ်ကိုင်ကြရပေမဲ့ နောက်ဆုံးရတဲ့လုပ်အားခကတော့ မလောက်မငဖြစ်ကြရတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်လည်း အလုပ်သမားသမဂ္ဂတွေထဲကို သူတို့ ဝင်ကြပါတယ်။

အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ တိုးလာတာနဲ့အတူ လုပ်ခလစာပိုကောင်းလာရေး၊ လုပ်ငန်းခွင်အခြေအနေ တိုးတက်လာရေးအတွက် သမဂ္ဂတွေအနေနဲ့ ညှိနှိုင်းလာနိုင်ခဲ့ပါတယ်။ ချီတက်ပွဲတွေစည်းရုံးလှုပ်ရှားခဲ့သလို လိုအပ်လာရင်သပိတ်မှောက်ကြပါတယ်။ ဒီလို အင်တိုက် အားတိုက်ပါဝင်တဲ့ဆန္ဒပြပွဲတွေ စီစဉ်မှုတွေထဲကတခုကတော့ ၁၈၈၂ ခုနှစ်စက်တင်ဘာလ ၅ ရက်နေ့မှာ လုပ်ခဲ့ကြတာပါ။ လုပ်သား အားလပ်ရပ်အဖြစ် ပထမဆုံးလုပ်ခဲ့တဲ့ အဲဒီချီတက်ပွဲမှာ နယူးယောက် စီးတီးက လုပ်သား ၁၀,၀၀၀ တို့ လစာမဲ့ခွင့်ယူပြီး မြို့တော်ခန်းမကနေ အနီးက ပန်းခြံကို ချီတက်ခဲ့ကြတာပါ။

နေ့စဉ်လုပ်သားတွေအတွက် တရက်တာအားလပ်ရက်-ဆိုတဲ့ အယူအဆကအားကောင်းလာပြီး အလားတူ ချီတက်ပွဲတွေနှစ်စဉ် ဆက်လက် ကျင်းပခဲ့ကြပါတယ်။ ၁၂ နှစ်တာကြာမြင့်လာခဲ့ပြီး နောက်ဆုံး ၁၈၉၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာတော့ အမေရိကန်လွှတ်တော်က စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့ကို အလုပ်သမားနေ့အဖြစ် နိုင်ငံတဝန်းအားလပ်ရက်တရက် သတ်မှတ်တဲ့ဥပဒေကို ပြဌာန်းခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတ Grover Cleveland ကတော့ စစ်မှန်တဲ့ အမေရိကန်တဦးဟာ အလုပ်သမားရဲ့ ဂုဏ်သိက္ခာ၊ နောက် ရိုးသားတဲ့အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ Joe Biden ကတော့ နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုရဲ့ စွမ်းအားဖြစ်တဲ့ အမေရိကန်လုပ်သားတွေရဲ့ဂုဏ်သိက္ခာ၊ စူးစိုက်နှစ်မြှုပ်မှုနဲ့ ပဓာန ကျမှုတို့ကို အလုပ်သမားနေ့မှာ ဂုဏ်ပြုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အလုပ်သမားနေ့မှာ ကျနော်တို့ နိုင်ငံကို မြှင့်တင်တဲ့ အလုပ်သမား အားလုံး၊ နောက် အားလုံးသော အလုပ်သမားတွေကို အခွင့်အာဏာနဲ့ ပြောရေးဆိုခွင့်ဆောင်ကျဉ်းပေးတဲ့ အလုပ်သမားသမဂ္ဂအားလုံးနဲ့အတူ ကျနော်တို့ စည်းလုံးညီညွတ်စွာရပ်တည်ပါတယ်။