Accessibility links

Breaking News

အမေရိကန်-အာဆီယံ မိတ်ဖက်ဖြစ်မှု တိုးချဲ့  (အမေရိကန်အစိုးရအာဘော်) 


လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန််တိုနီဘလင်ကန်ကိုတွေ့ရစဥ်။ (ဇူလိုင် ၂၇၊ ၂၀၂၄)
လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန််တိုနီဘလင်ကန်ကိုတွေ့ရစဥ်။ (ဇူလိုင် ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင် အာရှ နိုင်ငံများအသင်း- အာဆီယံကြား ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း ချဲ့ထွင်လာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က လတ်တလော လာအိုမှာကျင်းပခဲ့တဲ့ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံများ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ဆက်ဆံရေးကို အလုံးစုံ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ ရေရှည် ရပ်တည်ကြိုးပမ်းချက်တွေဖြစ်တဲ့ နိုင်ငံခြား ဆက်ဆံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးတို့ ပြန်လည် ရှင်သန်တက်ကြွစေတဲ့တချိန်တည်းမှာဘဲ ဒီဂျစ်တယ်ကိစ္စ၊ ဆိုက်ဘာလုံခြုံရေး၊ ကျန်းမာရေး၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ ရာသီဥတု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ အမျိုးသမီးများစွမ်းရည် မြှင့်တင်ရေးတို့မှာလည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေပါတယ်။”

အင်ဒိုပစိဖိတ် ဒေသ ပွင့်လင်း လွတ်လပ်မှု၊ ကြွယ်ဝမှု၊ ချိတ်ဆက်မှု၊ တည်ငြိမ်မှုဆိုတဲ့ ဘုံမျှော်မှန်းချက်နဲ့ ဘုံစံတန်ဖိုးတွေအပေါ်မှာ အာဆီယံမိတ်ဖက်ကို တည်ဆောက်ထားတာဖြစ်ပြီး အာဆီယံရဲ့ဗဟိုပြုမှုကိုလည်း လေးလေးနက်နက်ပိုင်းဖြတ်ထားကြောင်း သူက ပြောပါတယ်။

“ကျနော်တို့ ရှုမြင်ထားတဲ့ အကန့်အသတ်မဲ့အခွင့်အလမ်းတွေကို အမိအရအသုံးချပြီး တချိန်တည်းမှာပဲ အကြီးမားဆုံး စိန်ခေါ်ချက်တွေကိုဖြေရှင်းနိုင်ရေး အာဆီယံနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ကုန်သွယ်ရေးနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အလွန် ကြံ့ခိုင်ပါတယ်။ နှစ်ဘက် အပြန်အလှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အရှေ့တောင်အာရှမှာရော အမေရိကန်ပြည်ထောင်စုအတွင်းမှာပါ အလုပ်အကိုင်တွေကိုအားပေးမြှင့်တင်ပြီး အမေရိကန်နဲ့အာဆီယံရဲ့ စီးပွားရေးနဲ့ လုပ်သားတွေအတွက် အနာဂတ်စီးပွားရေး ပိုမို ကောင်းမွန်စေပါတယ်။ အာဆီယံဒေသတဝန်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ နံပါတ် ၁ အရင်းအမြစ်ဖြစ်ရတဲ့အတွက် အမေရိကန်ပြည်ထောင်စုက အလွန် ဂုဏ်ယူပါတယ်။”

ဒီဘုံမျှော်မှန်းချက်အတွက် စိန်ခေါ်ချက်တွေဖြေရှင်းရေးမှာလည်း အာဆီယံဘက်က အတူပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

“ယူကရိန်းအပေါ် ရုရှားရဲ့ တရားမဝင်ကျူးကျော်မှု၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်နဲ့ ပဲ့ထိန်းတပ် ဒုံးကျည်အစီအစဉ်တွေ၊ မြန်မာနိုင်ငံတွင်းက လက်ရှိဖြစ်နေဆဲ ကြေကွဲဖွယ်ပဋိပက္ခတွေ ဒါမှမဟုတ်လည်း ပြီးခဲ့တဲ့လအနည်းငယ်အတွင်းက တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ဖိလစ်ပိုင်ကို တရုတ်က တရားမဝင်လုပ်ခဲ့တဲ့လုပ်ရပ်မျိုးဖြစ်စေ ဘယ်ကိစ္စမဆို ဖြစ်ပါတယ်။ တရုတ်နဲ့ဖိလစ်ပိုင်ကြား သဘောတူညီချက်ရဲ့ ရလဒ် ဖြစ်တဲ့ Second Thomas Shoal သောင်စွယ်ကို ဒီကနေ့ အောင်အောင်မြင်မြင် ရိက္ခာပို့ နိုင်ခဲ့မှုကိုလည်း ကျနော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြုပါတယ်။ ဒီကိစ္စကို ကျနော်တို့ ချီးမွမ်းဂုဏ်ပြုပြီး ဒီလို ဆက်လက် ဖြစ်ထွန်းတာကိုလည်းတွေ့ရဖို့ ယုံကြည်မျှော်လင့်ထားပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့ ပိုပြီးခိုင်မာတဲ့မိတ်ဖက်ဖြစ်ရေးမျှော်လင့်ပြီး လက်ရှိ အခက်ခဲဆုံး အရေးကိစ္စတွေ - အထူးသဖြင့် ကျနော်တို့နိုင်ငံသားတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့မျှော်လင့်ကြောင်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။ သူတို့အတွက် ကျနော်တို့မှာတာဝန်ရှိသလို ဒီ မိတ်ဖက်ဆက်ဆံရေးရဲ့ ရည်ရွယ်ချက်ဟာလည်း သူတို့အတွက်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

XS
SM
MD
LG