Accessibility links

Breaking News

အာဆီယံ အပေါ် ကန် အေလးထားမှုပြသတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲ


ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးနဲ့ USTR အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များအဖွဲ့တို့ရဲ့ မကြာသေးခင်က ကမ္ဘောဒီးယားနိုင်ငံ Siem Reap ကတွေ့ဆုံပွဲမှာ အမေရိကန်နဲ့ အရှေ့တောင်အာရှဒေသတလွှား အပြန်အလှန် ကုန်သွယ်ရေး ခိုင်မြဲအောင် လုပ်ဆောင်နေမှုတွေနဲ့ အတူ အာဆီယံအပေါ်ထားတဲ့ အမေရိကန်ရဲ့ ကတိကဝတ်တွေကို အလေးထားပြောကြားခွင့်ရခဲ့ပါတယ်။

ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီး Pan Sorasak နဲ့ အတူ အစည်းဝေးကို ဦးဆောင်ခဲ့သူ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai ကတော့ အာဆီယံဟာ ကမ္ဘာ့ စတုတ္ထအကြီးဆုံးဈေးကွက်ကြီး ဖြစ်နေသလို အာဆီယံနဲ့ကုန်သွယ်တဲ့ အမေရိကန်ကုန်စည်နဲ့ ကုန်သွယ်ရေးဝန်ဆောင်မှု ပမာဏဟာ ၂၀၂၁ မှာ ဒေါ်လာ ဘီလီယံပေါင်း ၄၄၂ ဘီလီယံလောက်ရှိခဲ့တာကြောင့် သူ့အရင်နှစ်ကထက် ၂၂ ရာခိုင်နှုန်းတိုးလာတာ တွေ့ရတယ်လို့ အစည်းဝေးမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်ရဲ့ အာဆီယံနဲ့ ဆက်ဆံရေးဟာ အရေးပါတဲ့အတွက် သန့်ရှင်းစွမ်းအင် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကျွမ်းကျင်မှုမြှင့်တင်ရေးအစီစဉ်တွေ၊ ပုဂ္ဂလိက ကဏ္ဍချီးမြှောက်မှုတွေနဲ့ ပညာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး လိုအစီစဉ်တွေ ကနေတဆင့် ၂ ဖက် ဆက်ဆံရေးနက်နက်ရှိုင်းရှိုင်းဖြစ်လာစေမယ့် အစီစဉ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ လျာထားဖို့ ဝါရှင်တန်ဒီစီမှာ မေလကကျင်းပတဲ့ အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

၂၀၂၁ အောက်တိုဘာမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် အမေရိကန်- အာဆီယံထိပ်သီးအစည်းဝေး တုန်းကလည်း သမ္မတက ကျန်းမာရေး၊ ဥတုရာသီသိပ္ပံပညာ၊ ကုန်သွယ်ရေးချောမွေ့စေဖို့နဲ့ တခြားကိစ္စရပ်တွေ မှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဒေါ်လာ ၁၀၂ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ကျင်းပတဲ့ အမေရိကန်- အာဆီယံ ကုန်သွယ်ရေးနဲ့ အလုပ်သမားရေးရာ ဆွေးနွေးပွဲတုန်းကလည်း အာဆီယံ- အမေရိကန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီစဉ်ချမှတ်မှုကနေ ဒေသတွင်းနေထိုင်သူအားလုံးအတွက် အလုပ်သမားရေးနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ စံချိန်မီရေးဟာ အရေးကြီးကြောင်း အမေရိကန်က အခိုင်အမာရပ်တည် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုတွေဟာ ဘိုင်ဒန်အစိုးရအဖွဲ့ရဲ့ အလုပ်သမားရပိုင်ခွင့်၊ မြေကမ္ဘာကို ကာကွယ်ရေး နဲ့ အားလုံးအတွက် အခွင့်အလန်း ဖန်တီးပေးရေးကို ကိုင်စွဲတဲ့ ထိပ်တန်းကုန်သွယ်ရေးဖြစ်လာစေမယ့် ကမ္ဘာတလွှားယှဉ်ပြိုင်မှု ဖြစ်လာအောင် ကြိုးစားမှုရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Tai က ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား တိုင်ပင်ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာတော့ သမ္မတဘိုင်ဒန်ရဲ့ အမေရိကန်- အာဆီယံ မဟာဗျူဟာကျ မိတ်ဆွေဖြစ်မှုကို တိုးမြှင့်မယ့် အစီစဉ်သစ်ရဲ့ အစိတ်အပိုင်း တခုအဖြစ် အမေရိကန်- အာဆီယံ အနာဂတ် စီးပွါးရေး ကဏ္ဍ အကောင်ထည်ဖေါ်နိုင်မယ့် နည်းလမ်းတွေကို ၂ ဖက် တာဝန်ရှိသူတွေ တက်တက်ကြွကြွ ဆွေးနွေးနိုင်ခဲ့တယ်လို့ ချီးကြူးထားမှုလည်း ပါဝင်ပါတယ်။

ဒါ့အပြင် အခုဆွေးနွေးပွဲကနေ ဘက်စုံပါဝင်ရေး၊ နိုင်ငံတကာဥပဒေ လိုက်နာရေးနဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို လေးစားပြီး ကမ္ဘာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေး ကိုရှေ့ရှုဆောင်ရွက်မှု အရေးပါကြောင်း ပြသနိုင်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ သမ္မတဘိုင်ဒန်ပြောသလို အနာဂတ် အင်ဒိုပစိဖိတ်ဒေသတွင်း လွတ်လပ်မှုနဲ့ ပွင့်လင်းမှု၊ တည်ငြိမ်မှုနဲ့ သာယာဝပြောမှုအပြင် ကြံ့ခိုင်မှုနဲ့ လုံခြုံမှုတွေကို ဖန်တီးပြီး ထိန်းပေးနိုင်မယ့် အဓိကပုဂ္ဂိုလ်တွေဖြစ်တဲ့ အရှေ့တောင်အာရှ ဒေသက မိမိတို့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဆွေတွေ အတွက် ဆက်လက်ရပ်တည်သွားဖို့ သံဓိဌာန်ချထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG