ပြည်ပအထောက်အပံ့နှင့် အမေရိကန် အမျိုးသားအကျိုးစီးပွါး

  • Policy Office

President Donald Trump holds up a signed executive order in the Oval Office of the White House, in Washington, Jan. 23, 2025.

Your browser doesn’t support HTML5

ပြည်ပအထောက်အပံ့ နှင့် အမေရိကန်အမျိုးသား အကျိုးစီးပွါး

အမေရိကန်ပြည်ထောင်စုက ပေးအပ်နေတဲ့နိုင်ငံတကာအကူအညီတွေကို သမ္မတ Donald Trump ရဲ့ သမ္မတအမိန့်နဲ့ ရက်ပေါင်း ၉၀ ရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းနဲ့ ဗျူရိုကရေစီယန္တယားတွေဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ လိုက်လျောညီထွေမှုမရှိသလို အမေရိကန်စံတန်ဖိုးတွေနဲ့ ဆန့်ကျင်နေတဲ့ကိစ္စရပ် အတော်များများရှိနေတယ်လို့လည်း သမ္မတထရမ့်ကပြောပါတယ်။ အဲဒီ အကူအညီတွေဟာ နိုင်ငံတွင်းနဲ့ နိုင်ငံအချင်းချင်းကြား သဟဇာတ ကျစွာတည်ရှိနေတဲ့ တည်ငြိမ်တဲ့ဆက်ဆံရေးတွေ ကမောက်ကမဖြစ်သွားစေမယ့် အတွေးအခေါ်တွေကို မြှင့်တင်ပေးနေတဲ့အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး မတည်မငြိမ်ဖြစ်လာစေတယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။

နိုင်ငံတကာကိုပေးအပ်နေတဲ့ ဖွံ့ဖြိုးရေးအကူအညီအစီအစဉ်တစ်ခုချင်းစီကို ဆက်ပြီးဆောင်ရွက်မလား၊ ပြုပြင်ပြောင်းလဲမလား ဒါမှမဟုတ် ရပ်ဆိုင်းမလားဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အေဂျင်စီတွေတာဝန်ရှိသူတွေက စီမံခန့်ခွဲရေးနဲ့ ရသုံးမှန်းခြေငွေစာရင်းရုံး (Office of Management and Budget -OMB) ညွှန်ကြားရေးမှုးနဲ့ ညှိနှိုင်းတိုင်ပင်ကြရမှာပါ။ အဲဒီလိုတိုင်ပင်ပြီးမှ သက်ဆိုင်ရာရဲ့ သုံးသပ်အကြံပြုချက်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အပေါ်မူတည်ပြီး အကူအညီဆက်ပေးမလား၊ ရပ်ပစ်မလားဆိုတာ ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အဲဒီလို ဆန်းစစ်အကဲဖြတ်မှုတွေကို အပြီးသတ်ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ နိုင်ငံတကာအဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေကို ရက်ပေါင်း ၉၀ မတိုင်ခင်ပြန်လည်ပေးအပ်တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားရေဝန်ကြီး ဒါမှမဟုတ် နိုင်ငံခြားရေးဌာနကိုယ်စားလှယ်က OMB ညွှန်ကြားရေးမှူးနဲ့ တိုင်ပင်ပြီးတဲ့အခါ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေကို ဆက်လက်ထောက်ပံ့ဖို့ဆုံးဖြတ်လိုက်ရင်တော့ လုပ်ငန်းတွေပြန်ပြီး စတင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအကူအညီသစ်တွေကိုလည်း OMB ညွှန်ကြားရေးမှုးနဲ့ ကနဦးတိုင်ပင်ပြီးရင်တောင်မှ နိုင်ငံခြားရေးဝန်ကြီး ဒါမှမဟုတ် သူ့ရဲ့ ကိုယ်စားလှယ်က သဘောတူမှသာ အကူအညီတွေကို ဆက်လက်ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကလည်း သမ္မတထရမ့်ရဲ့ သမ္မတအမိန့်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒါမှမဟုတ် USAID ကတဆင့် ပေးအပ်နေတဲ့ နိုင်ငံတကာ အကူအညီအားလုံးကို ပြန်လည်သုံးသပ်ဖို့ဆိုပြီး ခုလိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်သူတွေအတွက် အကျိုးမရှိတဲ့နေရာတွေမှာ အကူအညီငွေတွေကို မျက်စီစုံမှိတ် ဆက်ပြီးပေးအပ်နေမှာမဟုတ်ဘူးလို့ လည်းသမ္မတ ထရမ့်က ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ အလုပ်ကြိုးစားကြတဲ့ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေနဲ့ ပေးအပ်နေတဲ့ နိုင်ငံတကာအကူအညီတွေကို ပြန်လည်သုံးသပ်တယ်ဆိုတာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်လို့လည်း နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံကတာဖွံ့ဖြိုးတိုးတက်ရေး အကူအညီအတွက် ကျနော်တို့သုံးနေတဲ့ တဒေါ်လာတိုင်း၊ အစီအစဉ်တခုတိုင်း၊ မူဝါဒတိုင်းဟာ အမေရိကန်ပြည်ထောင်စုကို ပိုမိုဘေးကင်းလုံခြုံစေမလား၊ ပိုမိုအားကောင်းခိုင်မာစေမလား၊ ပိုမိုသာယာဝပြောစေမလား ဆိုတဲ့ ရိုးရှင်းတဲ့မေးခွန်း ၃ ခုနဲ့တော့ ကိုက်ညီဖို့လိုပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောပါတယ်။

သမ္မတ ထရမ့်ကလည်း ဒါဟာ အမေရိကန်ရဲ့ မူဝါဒဖြစ်တယ်၊ ဒါကြောင့် အမေရိကန်သမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အပြည့်အဝကိုက်ညီမှုမရှိရင်ဘူးဆိုရင်တော့ နိုင်ငံတကာအကူအညီတွေကိုလည်း ဆက်ပြီးပေးအပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။