အာစီယံ ဘုံသဘောတူညီမှု ၅ ချက် မြန်မာ လိုက်နာဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

This photo from humanitarian group Free Burma Rangers taken May 3, 2022, and released May 4 shows a dog running past the burning remains of a building after airstrikes and mortar attacks by the Myanmar military, according to the Free Burma Rangers, in Mya

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တခဲနက် အနိုင်ရခဲ့ပါတယ်။ ဒီနောက် ၃ လတောင် မပြည့်ခင်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေ ပထမဆုံး လွှတ်တော် အခန်းအနားတွေ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာပါ။

နိုင်ငံအနှံ့က ဆန္ဒပြပွဲတွေကိုလည်း စစ်အာဏာပိုင်တွေ အပြင်းအထန် အင်အားသုံး နှိမ်နင်းခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ၂ ထောင်ကျော် ရှိခဲ့ပြီး၊ မတရားဖမ်းဆီးခံရသူ ၁ သောင်း ၄ ထောင်ကျော် ရှိပါတယ်။ လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က စစ်ဆင်ရေးတွေကို အပြင်းအထန် အရှိန်မြှင့်လာရာမှာ လူပေါင်း ၇ သိန်းခွဲကျော် နေရပ်စွန့်ခွာခဲ့ကြရပါတယ်။

သွေးထွက်သံယို လုပ်ရပ်တွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အာဆီယံအသင်းဝင် ကျန် ၉ နိုင်ငံက ခေါင်းဆောင်တွေ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့၊ သက်ဆိုင်သူတွေ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းဖို့၊ အထူးကိုယ်စားလှယ် ခန့်အပ်မယ့် အစီအစဉ်ကို လက်ခံဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို လက်ခံဖို့၊ သက်ဆိုင်သူတွေ အားလုံးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပြုဖို့တွေ ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်အာဏာပိုင်တွေ လက်ခံအောင်လည်း တိုက်တွန်းနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ကတိအတိုင်းလုပ်ဖို့ စစ်အာဏာပိုင်တွေ ပျက်ကွက်ခဲ့တာကြောင့် သဘောတူညီချက်ဟာလည်း တိုးတက်မှု မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ မြန်မာစစ်အာဏာပိုင်ဖက်က အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

“မြန်မာပြည်သူတွေအပေါ် ဖိနှိပ်မှုတွေကိုပဲ ဆက်လက် တွေ့မြင်နေရပါတယ်။ စစ်တပ်က ကျုးလွန်တဲ့ အကြမ်းဖက်မှုတွေကို ဆက်လက် တွေ့နေရပါတယ်။ အတိုက်အခံအင်အားစုတွေ အားလုံးနီးပါး ထောင်ထဲရောက်နေတာ၊ ဒါမှမဟုတ် တိမ်းရှောင်နေရတာကို ဆက်လက် တွေ့မြင်နေရပါတယ်။ ပြည်သူတွေအတွက် လိုအပ်ချက်တွေကို စစ်အာဏာပိုင်တွေ ဖြည့်ဆည်းမပေးတာကြောင့် ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတရပ်ကိုလည်း ဆက်လက် တွေ့မြင်နေရပါတယ်။” လို့ ဝန်ကြီးဘလင်ကန် ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ စစ်အာဏာပိုင်တွေအပေါ် ထိရောက်တဲ့ ဖိအားတွေပေးနိုင်အောင် အမေရိကန်နဲ့ တခြားနိုင်ငံတွေက နည်းလမ်းတွေ ဆက်လက်ရှာဖွေသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

“အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အာဏာပိုင်တွေ လိုက်နာဖို့ ဒေသတွင်းက အားပေးထောက်ခံမှုတွေဟာ အခရာကျပါတယ်။ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသာတွေ ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဖို့ အာဆီယံနိုင်ငံတွေ အားလုံးက ဆက်လက် တောင်းဆိုကြရမှာ ဖြစ်ပါတယ်။” လို့ ဝန်ကြီးဘလင်ကန် ပြောခဲ့တာပါ။

မြန်မာစစ်အာဏာပိုင်တွေ ဆက်လက် ကျုးလွန်နေတဲ့ ဖိနှိပ်မှုနဲ့ ရက်စက်မှုတွေကိုလည်း နိုင်ငံအားလုံးက ရှင်းရှင်းလင်းလင်း ပြောဆိုကြရမှာ ဖြစ်သလို၊ စစ်အာဏာပိုင်တွေ သူတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေရေး၊ မြန်မာပြည်သူတွေအတွက် ကျနော်တို့မှာ တာဝန်ရှိပါတယ် လို့လည်း ဝန်ကြီးဘလင်ကန်က ပြောဆိုသွားခဲ့ကြောင်းပါ။