ဘုံစိန်ခေါ်မှုတွေကို အမေရိကန်နဲ့ အာဆီယံ အတူတကွ တုံ့ပြန်(အမေရိကန်အစိုးရအာဘော်)

  • VOA Policy

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှ နိုင်ငံများ (အာဆီယံ) အဖွဲ့ဟာ လွတ်လပ်၊ ပွင့်လင်းမြင်သာ၊ သာယာဝပြောပြီး လုံခြုံမှုရှိရှိနဲ့ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှုရှိတဲ့ ကြံ့ခိုင် သန်စွမ်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာဖို့ ဘုံတူညီတဲ့ မျှော်မှန်းချက်တခု ထားရှိ ထားပါတယ်။

“ဆိုလိုတာက နိုင်ငံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းနဲ့ သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတဲ့ ဒေသ ဖြစ်လာဖို့ကို ဆိုလိုတာပါ။ ပြဿနာတွေကို ပွင့်ပွင့်လင်း လင်း ကိုင်တွယ်ဖြေရှင်းတာ၊ စည်းမျဥ်းစည်းကမ်းတွေကို ပွင့်လင်းမြင်သာ ချမှတ်ပြီး တရားမျှတ စွာကျင့်သုံးတာ၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေးမှာပဲ ဖြစ်ဖြစ်၊ စိတ်ကူးစိတ်သန်းတွေ ဖလှယ်ရာမှာပဲ ဖြစ်ဖြစ်၊ လူတွေ ကူးလူး သွားလာရာမှာပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ်နဲ့ တရားဥပဒေအတိုင်း နည်းလမ်းတကျ ဖြစ်စေတဲ့ ဒေသကြီး ဖြစ်လာဖို့ပါ။"

"အာဆီယံရဲ့ ရှေ့ လုပ်ငန်းစဥ်ထဲက ရာသီဥတု အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရာမှာပဲ ဖြစ်ဖြစ်၊ ပြန်ပြည့်မြဲစွမ်းအင် မြှင့်တင်ရေးမှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာ တွေကို ဖြေရှင်းရာမှာပဲ ဖြစ်ဖြစ်၊ အခြေခံအဆောက်အအုံ၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး ဒီနယ်ပယ်တွေ အားလုံးမှာ အမေရိကန် ပြည်ထောင်စုဟာ အာဆီယံနဲ့ နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံနေပါတယ်။ ကျနော်တို့ ဒါကို တကယ်ကို အာရုံစိုက် လုပ်ဆောင်နေတာပါ။"

"ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနဲ့ ချိတ်ဆက်မှုမှာ အင်မတန် အရေးပါတဲ့ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ လေကြောင်း ပျံသန်းနိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့လည်း အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် ချထားပါတယ်။"

“အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားဖြစ်တဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့လည်း ကြိုးစားနေပါတယ်။”

“နိုင်ငံတကာဥပဒေနဲ့အညီ အာဆီယံရဲ့ ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုကို ကျွန်တော်တို့ ထောက်ခံပါတယ်။”


"ကျနော်တို့ဟာ ဘုံ မျှဝေ ရင်ဆိုင်‌နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး ထူးခြား တက်ကြွမှုရှိတဲ့ ဒီဒေသကြီး တခုလုံးရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဆောင် ခြင်းအားဖြင့် အမေရိကန်နဲ့ အာဆီယံ နိုင်ငံတွေဟာ ဒီအခြေခံမူတွေကို အတူတကွ အောင်မြင်ပြီးမြောက်အောင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

Your browser doesn’t support HTML5

ဘုံစိန်ခေါ်မှုတွေကို အမေရိကန်နဲ့ အာဆီယံ အတူတကွ တုံ့ပြန် (အမေရိကန်အစိုးရအာဘော်)