အမေရိကန်ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာ့လုံခြုံရေးရဲ့သော့ချက်ဖြစ် (အမေရိကန်အစိုးရအာဘော်)

  • VOA Policy

အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်- AUKUS သုံးနိုင်ငံအစည်းအဝေး (ယခင်မှတ်တမ်းဓာတ်ပုံ)

ကမ္ဘာ့လုံခြုံရေးအခင်းအကျင်းသစ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိမိကိုယ်တိုင်နဲ့ မိမိရဲ့မဟာမိတ်နိုင်ငံတွေ လက်ရှိ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် စိန်ခေါ်ချက်တွေရဲ့ရန်ကနေ ကာကွယ်နိုင်ရေးအတွက် ဆန်းသစ်တီထွင်မှုနဲ့အတူ ဦးဆောင်တဲ့အခန်းကဏ္ဍမှာရှိဖို့လိုအပ်ကြောင်း လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အမေရိကန်လက်ထောက်ဝန်ကြီး Bonnie Jenkins က ကွန်ဂရက်လွှတ်တော်ရှေ့မှောက်မှာ ထွက်ဆိုတင်ပြခဲ့ပါတယ်။

ဒီစိန်ခေါ်မှုချက်တွေထဲမှာ ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်တာ၊ ထိုင်ဝမ်အပေါ်သက်ရောက်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဖိအားတွေ၊ အစ္စရေးနိုင်ငံအနေနဲ့ ဟာမတ်စ်အကြမ်းဖက်မှုကနေ မိမိကိုယ်ကို ခုခံကာကွယ်နေတာကြောင့် ဖြစ်ပေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေ၊ ယီမင်နိုင်ငံကဟူသီအဖွဲ့က ကုန်သွယ်စီးပွားသင်္ဘောတွေကို တိုက်ခိုက်နေတာနဲ့ ရုရှား၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေကြား ပိုမိုနက်ရှိုင်းလာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။

လက်ထောက်ဝန်ကြီး Jenkins က အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိနဲ့ အနာဂတ်မှာ ပေါ်ပေါက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နေကြောင်း အခုလို ပြောပါတယ်။

“ရုရှားနိုင်ငံက သဘောတူစာချုပ်ကနေ နုတ်ထွက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပရှိ သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ သဘောတူစာချုပ်ကို ဆိုင်းငံ့ထားရေး မဟာမိတ်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်စွာထောက်ခံမှုနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။ ဖျက်အားမြင့် တိုက်ရိုက်-အတက်အဆင်းလုပ်နိုင်တဲ့ ဂြိုဟ်တုခွင်း ဒုံးကျည်စမ်းသပ်မှုတွေမလုပ်ဖို့နဲ့ ဓာတ်ရောင်ခြည်သုံးလက်နက်တွေ အသုံးမပြုရေး နိုင်ငံတွေကို တောင်းဆိုထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆိုပြုပြီး အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဉာဏ်ရည်တုနည်းပညာကို စစ်ဘက်ဆိုင်ရာ အသုံးချမှုတွေအတွက် တာဝန်ခံ တာဝန်ယူမှုရှိတဲ့ လုပ်ထုံးလုပ်နည်းတွေ အသိအမှတ်ပြု လိုက်နာရေးမှာလည်း နိုင်ငံတကာကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်နိုင်ခဲ့သလို အမေရိကန် ဓာတုလက်နက်တွေ သိုလှောင်ထားရှိမှုကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး အစုလိုက်အပြုံလိုက် သေကျေပျက်စီးနိုင်ကြောင်း သတ်မှတ်ထားတဲ့ လက်နက်အမျိုးအစားအားလုံးကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပါတယ်။

တပြိုင်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ နျူကလီးယားစွမ်းအင်နဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့အသုံးပြုတဲ့ နျူကလီးယားကဏ္ဍတွေမှာ နိုင်ငံတွေကို အကူအညီပေးရင်း ပူးပေါင်းဆောင်ရွက်နေတာကြောင့် နျူကလီယားအန္တရာယ်ကာကွယ်ရေးနဲ့ လုံခြုံရေးကို အားကောင်းလာအောင် လုပ်ဆောင်နိုင်နေတယ်လို့ လက်ထောက်ဝန်ကြီး Jenkins က ပြောပါတယ်။ လုံခြုံရေးအရထိရှလွယ်တဲ့ အမေရိကန်နည်းပညာတွေကို အလွဲသုံးစားလုပ်မှုကနေကာကွယ်နိုင်ဖို့ ဟန့်တားတဲ့အစီအမံတွေကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး တပိုင်းလျှပ်ကူးပစ္စည်း ဆီးမီး-ကွန်ဒတ်တာနဲ့ တခြား ထွန်းသစ်စနည်းပညာတွေကို ကာကွယ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း ပြောပါတယ်။

"အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတွေနဲ့ တသားတည်း အတူတကွရပ်တည် ဆောင်ရွက်နေတာက အမေရိကန်ပြည်ထောင်စုရဲ့ အသိအမှတ်ပြုထိုက်တဲ့ သံခင်းတမန်ခင်း အမှတ်လက္ခဏာတွေထဲက တခုဖြစ်တယ်" လို့ လက်ထောက် ဝန်ကြီး Jenkins က ပြောပါတယ်။ ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်တွေ အားကောင်းလာစေရေး အပြင် မဟာမိတ်နဲ့ မိတ်ဘက်နိုင်ငံတွေ ရုရှားလုပ် လက်နက်ပစ္စည်းတွေကနေ ကင်းလွတ်နိုင်ရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုက ကူညီပေးနေကြောင်း လက်ထောက်ဝန်ကြီးက ထောက်ပြပါတယ်။

AUKUS လို့ လူသိများတဲ့ သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား သုံးနိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုက အမေရိကန် သံတမန်ရေးရာမှာ အဓိကစံနမူနာတခုအဖြစ် လက်ထောက်ဝန်ကြီး Jenkins က ညွှန်းဆိုပါတယ်။

"ကျမတို့ရဲ့ အရင်းနှီးဆုံးမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေတာက မျိုးဆက်သစ်အတွက် အခွင့်အလမ်းတခုဖြစ်ပြီး ဒါဟာ အမေရိကန်ပြည်ထောင်စု အတွက် ရေရှည်ကာကွယ်ရေး စွမ်းရည်နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းစေကာ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် ဘုံ သဘောတူညီမျှဝေတည်ရှိတဲ့ သဘောထားအမြင်ကို ဆက်လက်တိုးတက်စေမယ့် ပြတ်သားတဲ့ လမ်းကြောင်းတခုကို ဖော်ဆောင်ပေးနေပါတယ်။ ဒါဟာ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းအတွက် နျူကလီယားမပြန့်ပွားရေး စံချိန်စံညွှန်းတွေအတွက် အားကောင်းတဲ့ အဟန့်အတားနဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေကိုလည်း ဆောင်ကြဥ်း ပေးနေပါတယ်။

“ရန်ဘက်နိုင်ငံတွေ ဒါမှမဟုတ် ပြိုင်ဘက်နိုင်ငံတွေလုပ်ဆောင်နေတဲ့ နယ်ပယ်တွေနဲ့ ပတ်သက်ပြီး အနာဂတ်မျိုးဆက် လုံခြုံစိတ်ချစွာ ရပ်တည်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်မလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်နားလည်ထားပြီ” လို့လည်း လက်ထောက်ဝန်ကြီး Jenkins က ပြောပါတယ်။