Accessibility links

Breaking News

ကျွန်စနစ် အကြွင်းမဲ့ ဖျက်သိမ်း တဲ့အထိမ်းအမှတ်နေ့


ကျွန်စနစ်အကြွင်းမဲ့ ဖျက်သိမ်းတဲ့အထိမ်းအမှတ် ကျင်းပရာ အလံများ ဂျွန် ၁၇၊ ၂၀၂၃။
ကျွန်စနစ်အကြွင်းမဲ့ ဖျက်သိမ်းတဲ့အထိမ်းအမှတ် ကျင်းပရာ အလံများ ဂျွန် ၁၇၊ ၂၀၂၃။

ဇွန်လ ၁၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုဟာ အာဖရိကန်-အမေရိကန် နိုင်ငံသားတွေအတွက် ထူးခြားပြီး သမိုင်းမှာ အရေးကြီးလှတဲ့ Juneteenth အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပကြပါတယ်။ ဒီနေ့ဟာ ကျွန်စနစ် ဖျက်သိမ်းကြောင်း တရားဝင်ထုတ်ပြန်ခဲ့တဲ့ ၁၈၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကို ဂုဏ်ပြုတာ မဟုတ်သလို အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၃ ကြိမ်မြောက် ပြင်ဆင်ပြီး နိုင်ငံတဝန်း ကျွန်စနစ်ကို ဖျက်သိမ်းလိုက်တဲ့ ၁၈၆၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်ကိုလည်း သတ်မှတ်ကျင်းပတာမျိုး မဟုတ်ပါဘူး။

ဒီနေ့ဟာ တက္ကဆက်ပြည်နယ် ဂါလ်ဗစ်စ်စတန် (Galveston) ကျွန်းမှာ နေထိုင်ကြတဲ့ ပြင်ပနဲ့ အဆက်သွယ် ပြတ်တောက်နေတဲ့ အရင်က ကျွန်ပြုခံရသူတွေဟာ သူတို့ လွတ်မြောက်ကြောင်း သတင်းရရှိတဲ့နေ့ ၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက် နေ့ကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။

တနှစ်အကြာ ၁၈၆၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ Juneteenth အထိမ်းအမှတ်ကို တက္ကဆက်ပြည်နယ်မှာ ပထမဆုံးကျင်းပခဲ့ပြီး မကြာမီမှာပဲ ဒီလို ပွဲတော် ကျင်းပကြတာက အမေရိကန် တောင်ပိုင်း တခွင်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ Juneteenth ကို အမေရိကန်ပြည်ထောင်စုက အာဖရိကန်-အမေရိကန်တွေရဲ့ သက်တမ်းအရှည်ဆုံး အားလပ်ရက် အဖြစ် သတ်မှတ်ကြပါတယ်။

ဒါပေမယ့် ၁၈၆၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ရဲ့ အရေးပါမှုကို တရားဝင်အသိအမှတ်ပြုခံရဖို့ကတော့ နှစ်ပေါင်း ၁၅၆ နှစ်ကြာခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်၊ ၂၀၂၁ ခုနှစ် ကျမှ သမ္မတ ဂျိုးဘိုင်ဒန်က Juneteenth ကို ပြည်ထောင်စု အဆင့် တရားဝင် အားလပ်ရက် အဖြစ် Juneteenth အမျိုးသားလွတ်လပ်ရေးနေ့အက်ဥပဒေကို တရားဝင်လက်မှတ်ရေးထိုးပြီး ကြေညာခဲ့ပါတယ်။

“ကျွန်တော့်အတွက်ကတော့ Juneteenth ကို ဖက်ဒရယ်အားလပ်ရက်အဖြစ် သတ်မှတ်တာဟာ ထောက်ခံမှု ပြသလိုတာ သက်သက် မဟုတ်ပါဘူး” လို့ သမ္မတဘိုင်ဒင်က ပြောပါတယ်။ “ကျွန်ပြုခြင်းရဲ့ ကြီးလေးတဲ့ အပြစ် ရဲ့ မူလဇစ်မြစ်ကို အသိအမှတ်ပြုဖို့ ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေကို ညွန်ပြထားချက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“ဒါက ကျွန်တော်တို့ တိုက်ပွဲမဝင်ခဲ့တဲ စစ်ပွဲတပွဲအကြောင်းကို နားလည်နိုင်ဖို့ပါ။ ဒါဟာ ယူနီယံ ပြည်ထောင်စုတပ်သားတွေအတွက် သက်သက်မဟုတ်ပါဘူး။ တိုင်းပြည်တခုလုံးနဲ့ လွတ်လပ်မှု ဆိုတာက အခြေခံအကျဆုံး အကြောင်းအရင်းပါပဲ။ ကျွန်စနစ်ဖျက်သိမ်းကြောင်းကြေငြာချက်က စာရွက်တရွက် သက်သက်မျှမဟုတ်ကြောင်းကို သတိရဖို့လိုပါတယ်။ လွတ်လပ်မှုရဲ့ အနှစ်သာရကို ဖမ်းစားနိုင်ခဲ့ပြီး တိုင်းပြည်ကို လွှမ်းမိုးခဲ့ပါတယ်။ တချို့ အတွေးအခေါ်တွေက အင်အားကြီးမား လှကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။ ဒါက ငြင်းပယ်လို့မရပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ အာမခံချက်က ကျွန်တော်အားလုံးကို ဘုရားသခင်က ညီတူညီမျှဖန်ဆန်းထားကြောင် ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ ဘဝတလျှောက် တန်းတူရည်တူဆက်ဆံခံရဖို့ ထိုက်တန်ကြောင်း ဆိုတာကို ဒီနေ့က သတိပေးနေပါတယ်။”

Juneteenth ဟာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းလှတဲ့ ညတာခရီးရှည် အနိုင့်အထက် ပြုကျင့်တဲ့ ကျွန်စနစ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းနဲ့ တောက်ပတဲ့ အနာဂတ် နံနက်ခင်း တခုကို ကတိပြုနိုင်ခဲ့ခြင်း နှစ်ခုစလုံးကို အထိမ်းအမှတ်ပြု ကျင်းပတာ ဖြစ်ပါတယ်။

XS
SM
MD
LG