Accessibility links

Breaking News

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်အပေါ် ဖိအားတွေ ဆက်လက်ပေး


MYANMAR-POLITICS/COUP-PHILIPPINES
MYANMAR-POLITICS/COUP-PHILIPPINES
အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်အပေါ် ဖိအားတွေ ဆက်လက်ပေးနေ
please wait

No media source currently available

0:00 0:03:22 0:00

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်အပေါ် ဖိအားတွေ ဆက်လက်ပေး

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့တာ သုံးနှစ်ရှိပြီဖြစ်ပြီး ဒါဟာ တိုင်းပြည်မှာ ခက်ခက်ခဲခဲ တိုက်ပွဲဝင် တည်ဆောက်ယူခဲ့ရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်မှုတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။

ဒီနှစ်တွေထဲမှာ စစ်တပ်က မြန်မာပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ်ခဲ့ပြီး တိုင်းပြည်ကို အကျပ်အတည်းထဲကို တွန်းပို့ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာ အဖမ်းခံရ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ လူပေါင်း ၂.၅ သန်းဟာ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပြီး လူပေါင်း ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

စစ်တပ် အာဏာသိမ်း သုံးနှစ်ပြည့်ချိန်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်အပေါ် ဖိအားတွေ ထပ်မံ တိုးမြင့် ပေးနေပါတယ်။

အရပ်သားတွေအပေါ် တိုက်ခိုက်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပံ့ပိုးပေးတဲ့ စစ်အစိုးရရဲ့ ၀င်ငွေရင်းမြစ်တွေကို ထပ်မံပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူခဲ့ရာမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ လူ ပုဂ္ဂိုလ်
လေးဦးနဲ့ အဖွဲ့အစည်း နှစ်ခုကို ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဒီထဲမှာ စစ်တပ်ကို လောင်စာဆီနဲ့ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ပေးနေတဲ့ ရွှေဗျိုင်းဖြူလုပ်ငန်းအုပ်စုနဲ့ လုပ်ငန်းတည်ထောင်သူ ပိုင်ရှင်၊ သူရဲ့ ဇနီးနဲ့သား၊ သမီး နှစ်ဦးပါဝင်ပါတယ်။ နောက်ထပ် ဒဏ်ခတ် အရေးယူခဲ့တဲ့ လုပ်ငန်းတခုကတော့ နိုင်ငံခြားငွေကြေး ရှာဖွေပေးသလို မြန်မာစစ်တပ်ရဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ ဆောင်ရွက်ပေးတဲ့ မြန်မာ့ရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာကြယ်ငါးပွင့်ရေကြောင်း ကုမ္ပဏီလိမိတက် ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် ပြည်ထောင်စုဟာ အခြားနိုင်ငံ ခုနစ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ၊ ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့အတူ အာဏာသိမ်း စစ်ကောင်စီ လက်ရှိကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ “လမ်းကြောင်းမှန်အပေါ် ပြန်သွားရေး၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အပြည့်အဝ ဝင်ခွင့်ရရှိရေးနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အခင်းအကျင်း ဖန်တီးပေးရေးတို့ကိုလည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။

အာဏာသိမ်းမှု သုံးနှစ်ပြည့် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က “မြန်မာပြည်သူလူထုနဲ့ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်း ပုံဖော်နိုင်မှုကို ဒီနေ့မြင်နေရတဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေလိုမျိုးကတဆင့် အမေရိကန် ပြည်ထောင်စုက အမြဲတမ်း ထောက်ခံ အားပေးနေပါတယ်” လို့ ပြောပါတယ်။

"စစ်တပ်က အရပ်သားတွေကို ဖိနှိပ် သတ်ဖြတ်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ ဝင်ငွေတွေ ရှာဖွေပေးနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေအပေါ် အမေရိကန် ဒေါ်လာအရောင်းအဝယ်တွေကို ကန့်သတ်ခြင်းအားဖြင့် စစ်တပ်အပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ ဖိအားတွေ တိုးမြင့်ပေးနေပါတယ်။"

ပြောရေးဆိုခွင့်ရှိသူ Miller က “စစ်အစိုးရကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ထောက်ခံနေပြီး စစ်မှန်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်နိုင်ကာ ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းမယ့် နည်းလမ်းတရပ်အတွက် ကြိုးပမ်းသွားမှာပါ” လို့ ပြောပါတယ်။

XS
SM
MD
LG