(အမေရိကန်အစိုးရအာဘော်)
ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေထဲကတခုဖြစ်ပါတယ်။ လူ့ဇာတိခံယူသော ဘုရားသခင်၊ ကယ်တင်ရှင်၊ ကမ္ဘာကြီးရဲ့ အလင်းရောင်အဖြစ် ခရစ်ယာန်များက ကိုးကွယ်ယုံကြည် ကြည်ညိုလေးစားရတဲ့ ယေရှုခရစ်တော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ခန့်က ဖွားမြင်တော်မူတဲ့ အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။
သခင်ယေရှုရဲ့ မွေးနေ့အစစ်အမှန်ကိုမသိရသလို ဒီဇင်ဘာ ၂၅ ရက်နေ့ကို ခရစ်တော်ရဲ့မွေးနေ့အဖြစ် သတ်မှတ်ခဲ့တာရဲ့ မူလဇာစ်မြစ်ကိုလည်း အတိအကျမသိရပါဘူး။ ဒါပေမယ့် ဒီရက်စွဲဟာ ကမ္ဘာ့မြောက်ခြမ်းဒေသမှာ နေ့တာအတိုဆုံးကာလ ‘ဆောင်းယဉ်စွန်းချိန်’ နဲ့ အလွန်နီးနီးကပ်ကပ် ကျရောက်နေပါတယ်။ ကမ္ဘာတဝန်းက ရှေးခေတ် လူသားများစွာအတွက် ဆောင်းရာသီအလင်းရောင်မှိန်မှိန်ကနေ လာမယ့်နွေဦးကို မျှော်ရည်မှန်းတဲ့ ရှည်လျားလှတဲ့ နေ့ရက်များဆီ အလှည့်အပြောင်းကာလဟာ သဘာဝတရားရဲ့ အသစ်ပြန်လည် ပြုစု ပျိုးထောင်မယ့် ကတိကဝတ်ကို ကိုယ်စားပြုနေပါတယ်။
ယေရှုခရစ်တော်ဟာ “ဤလောက၏အလင်းဖြစ်တော်မူသည်” လို့ ခရစ်ယာန်များက ယုံကြည်တာကြောင့် ဒီအချိန်ကာလဟာ ယေရှုမွေးဖွားခြင်းကို အထမ်းအမှတ်ပြုကျင်းပဖို့ရာ တော်သင့်မှန်ကန်တဲ့အချိန်ဖြစ်ကြောင်း အစောပိုင်းခေတ်ကာလက ခရစ်ယာန်ဘာဝင်ဝင်တွေအတွက် ယုတ္တိရှိပုံရပါတယ်။ သက္ကရာဇ် ၂၂၁ ခုနှစ်နောက်ပိုင်း၊ ဒီဇင်ဘာ ၂၅ ရက်ကို သခင်ယေရှုဖွားမြင်တော်မူတဲ့နေ့အဖြစ် တဖြည်းဖြည်းလက်ခံလာပြီး မကြာမီ ခရစ်ယာန်စာရေးဆရာများဟာ သူရိယ နေမင်းရဲ့ ပြန်လည်မွေးဖွားခြင်းနဲ့ ဘုရားသခင်ရဲ့ သားတော်ဖွားမြင်ခြင်းကြား ဆက်နွှယ်မှု စတင်လာပါတယ်။
“ခရစ္စမတ်အခါသမယဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်မှုရဲ့ ဗဟိုချက်မဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုဆိုတဲ့ သတင်းစကားတွေကတော့ တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ လောကပါလတရားတွေ ဖြစ်ပါတယ်” လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
“ဒီတရားတွေက ခရစ်ယာန်၊ ဂျူး၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ ဒါမှမဟုတ် တခြား ဘယ်ဘာသာကို ယုံကြည်သူဖြစ်စေ၊ ဘာသာတခုခုကို ကိုးကွယ်မှုမရှိသူဖြစ်စေ ကျနော်တို့အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ တယောက်ကိုတယောက် ဂရုတစိုက်ရှိကြဖို့၊ တယောက်ကိုတယောက် ကြည့်ရှုစောင်မဖို့၊ တယောက်ကိုတယောက် ချစ်ခြင်းမေတ္တာထားရှိဖို့ဆိုတာက ဒီကမ္ဘာမြေပေါ်မှာရှိတဲ့ လူသားအားလုံးနဲ့ သက်ဆိုင်နေပါတယ်။"
ခရစ္စမတ်အချိန်အခါသမယမှာ ခရစ်ယာန်တွေဟာ လူသားအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာ၊ မေတ္တာတရား၊ ပျော်ရွှင်ချမ်းသာ ရွှင်လန်းမှုနဲ့ မျှော်လင့်ချက်တွေကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်အားဖြင့် ဖြန့်ကျက်နိုင်စေဖို့ အမှန်ဧကန် ရည်ရွယ်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေကို ချစ်ခြင်းမေတ္တာနဲ့ လေးမြတ်မှုပြသပြီး သူစိမ်းတရံဆံ လူသတ္တဝါအားလုံးကို ကြင်နာမှု၊ ရက်ရောမှု အပေါင်းနဲ့ ဆက်ဆံရမယ့် အချိန်ဖြစ်ပါတယ်။
“တခါတရံမှာ အကြင်နာတရား အနည်းငယ်ပြသနိုင်ရင်ကို အလွန်အဓိပ္ပာယ်ရှိနိုင်ပါတယ်။ ရိုးရှင်းတဲ့ အပြုံး၊ ပွေ့ဖက်နှုတ်ဆက်ခြင်း၊ မထင်မှတ်ထားတဲ့ ဖုန်းခေါ်ဆိုပြောဆိုမှု၊ ကော်ဖီတခွက်နဲ့ တိတ်ဆိတ်ငြိမ်သက်စွာ အတူ ရှိနေခြင်း၊ ဒီလို စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်စွမ်းပြီး နှစ်သိမ့်ပေးနိုင်တဲ့ ရိုးရှင်းတဲ့ ကြင်နာမှုလုပ်ရပ်တွေဟာ လူ့ အသက်ကိုတောင် ကယ်တင်နိုင်မှာပါ။” လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။
“ဒီခရစ္စမတ် ကာလမှာ ရုန်းကန်နေရသူတွေ၊ ဒုက္ခရောက်နေသူတွေနဲ့ အကူအညီလိုအပ်နေသူတွေကို ဖေးဖ ကူညီနိုင်စွမ်းတဲ့ ခိုင်ခံ့တဲ့ပုခုံး၊ ဖော်ရွေတဲ့စကားသံတွေနဲ့ ကူညီပေးကြရအောင်ပါ။ ဒါဟာ ခင်ဗျားတို့၊ ကျနော်တို့ ပေးဖူးသမျှလက်ဆောင်တွေထဲက အကောင်းဆုံးလက်ဆောင်တခု ဖြစ်နိုင်ပါတယ် ။”