၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်တွေဟာ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်ဖို့ ပြင်းထန်တဲ့နည်းလမ်းတွေ အသုံးပြုလာခဲ့ပါတယ်။ မြန်မာစစ်အစိုးရဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံသား ၃,၉၀၀ ဦးခန့်ကို သတ်ဖြတ်ခဲ့ပါတယ်။
မကြာသေးမီက ညောင်ကုန်းကျေးရွာအနီးမှာ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ သုံးပြီး လေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။ မကြာသေးမီက အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသရှိ ကျေးရွာတရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေနဲ့ ကျောင်းနေအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၈၀ ဦး သေဆုံးခဲ့ပါတယ်။
ဒီလို စက်ဆုပ်ဖွယ်လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က သမ္မတအမိန့်ပြန်တမ်း ၁၄၀၁၄ နဲ့ အညီ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေထဲမှာ လေယာဉ်လောင်စာကဏ္ဍကို တိုးချဲ့ထည့်သွင်း အရေးယူလျက်ရှိပါတယ်။
OFAC အနေနဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းသိုလှောင်ခြင်နဲ့ ဖြန့်ဝေခြင်းကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် (၂) ဦးနဲ့ အဖွဲ့အစည်း (၃) ခုကို ပစ်မှတ်ထား အရေးယူထားပါတယ်။
ဒေါ်ခင်ဖြူဝင်းကို အရင်ကတည်းက မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွက် အလုပ်လုပ်ကိုင်ပေးနေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အာရှနေအုပ်စု (Asia Sun Group) အောက်က ကုမ္ပဏီတွေနဲ့ တွဲဖက် လုပ်ကိုင်တဲ့အတွက် ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဒေါ်ခင်ဖြူဝင်းဟာ စင်ကာပူအခြေစိုက် ကုမ္ပဏီ (၃) ခုဖြစ်တဲ့ ရွှန်းစွမ်းအင်ကုမ္ပဏီလိမိတက် (Shoon Energy PTE)၊ PEIA PTE. LTD. နဲ့ P.E.I Energy PTE. LTD. တို့ကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေကိုလည်း ဒဏ်ခတ်အရေးယူထားပါတယ်။
ဦးဇော်မင်းထွန်းဆိုတဲ့ နောက်ထပ် လူပုဂ္ဂိုလ်တဦးကိုလည်း အာရှနေအုပ်စု အောက်ကကုမ္ပဏီ ၁၁ ခု ရဲ့ ပိုင်ဆိုင်မှုနဲ့ အုပ်ချုပ်မှုဆိုင်ရာတာဝန်တွေကို ဒေါ်ခင်ဖြူဝင်းက သူ့ကို လွှဲပြောင်းပေးပြီးနောက်မှာ ဒဏ်ခတ်အရေးယူထားပါတယ်။
သမ္မတအမိန့် ၁၄၀၁၄ အရ အမေရိကန်ပြည်ထောင်စုအတွင်းက ဒေါ်ခင်ဖြူဝင်းနဲ့ ဦးဇော်မင်းထွန်းတို့ ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေ၊ ပိုင်ဆိုင်မှုပစ္စည်းဆိုင်ရာ အကျိုးစီးပွားတွေနဲ့ အစုအဖွဲ့တွေ၊ ဒါမှမဟုတ် အမေရိကန်နိုင်ငံသားတဦးဦးက သူတို့နဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်တာ၊ ထိန်းချုပ်ထားတာတွေကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူးထားပြီး ဒီပိုင်ဆိုင်မှုအားလုံးကိုလည်း နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ကိုလည်း သတင်းပို့တင်ပြရမှာ ဖြစ်ပါတယ်။
“စစ်အစိုးရအတွက် အရေးကြီးတဲ့ နောက်ထပ်ကဏ္ဍတခုကို ပစ်မှတ်ထားပြီး ကျနော်တို့ရဲ့ ပိတ်ဆို့အရေးယူမှု အခွင့်အာဏာကို ချဲ့ထွင်လိုက်တာက နိုင်ငံသားတွေကို ဖိနှိပ်နိုင်တဲ့ အရင်းအမြစ်တွေကို စစ်အာဏာရှင်တွေ ထပ်မံ ဆုံးရှုံးသွားမှာ ဖြစ်တယ်” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနဲ့ ငွေကြေး သတင်းအချက်အလက် ဆိုင်ရာ ဌာန အတွင်းဝန် Brian E. Nelson ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “အမေရိကန် ပြည်ထောင်စု အနေနဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို လိုလား တောင်းဆိုနေကြတဲ့ မြန်မာပြည်သူလူထု အပေါ် ကူညီပံ့ပိုးပေးဖို့ ဆက်လက်ပြီး သန္နိဋ္ဌာန်ချထားပါတယ်။”
—
အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။