Accessibility links

Breaking News

လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ် (အမေရိကန်အစိုးရအာဘော်)


လူကုန်ကူးမှုအစီရင်ခံစာထုတ်လွှတ်မှု အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်မိန့်ခွန်းပြောကြားစဥ်။
လူကုန်ကူးမှုအစီရင်ခံစာထုတ်လွှတ်မှု အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်မိန့်ခွန်းပြောကြားစဥ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၄ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာဟာ အတော်ပြည့်စုံတဲ့အစီရင်ခံစာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုအပါအဝင် ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၈၈ နိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအခြေအနေတွေကိုလေ့ လာတင်ပြထားတာဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anotny Blinken ကရှင်းပြပါတယ်။

နှစ်စဉ်အခုလို အစီရင်ခံစာထုတ်ပြန်လာခဲ့တာ ဆယ်စုနှစ် ၂ ခုကျော်ရှိလာခဲ့ပြီး ဒီအစီရင်ခံစာတွေဟာ လုပ်နည်းလုပ်ဟန် တွေပြောင်းလဲလာတာ၊ တိုးတက်မှု ဆုတ်ယုတ်မှု၊ ထိရောက်တဲ့လူကုန်ကူးမှုနည်းလမ်းတွေ စတာတွေနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

"လူသားရယ်လို့စဖြစ်လာကတည်းက လူကုန်ကူးမှုဟာရှိနေပါတယ်။ လူကုန်ကူးသူတွေဟာလည်း ခေတ်အလိုက် နည်းလမ်းတွေကိုပြောင်းလဲလာခဲ့ပါတယ်။ ဒီ ၂၀၂၄ ခုနှစ်အစီရင်ခံစာမှာတော့ လူကုန်ကူးမှုမှာ ဒယ်ဂျစ်တယ်ပညာရဲ့ အခန်းကဏ္ဍကိုနက်နက်ရှိုင်းရှိုင်းလေ့လာတင်ပြထားပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကပြောပါတယ်။

“ကမ္ဘာအနှံ့ကလူကုန်ကူးသူတွေဟာ လူမှုကွန်ယက်တွေ၊ ချစ်သူရှာတဲ့ Application တွေ၊ ဂိမ်းကစားတဲ့ဝက်ဆိုဒ်တွေ စတာတွေကနေတဆင့် လူတွေကိုသားကောင်အဖြစ်သိမ်းသွင်းတာပါ။ သူတို့ဟာ အွန်လိုင်းဒီဂျစ်တယ်ငွေကြေး စနစ်ဖြစ်တဲ့ အိုပေး ခရစ်ပတိုကာရင်စီ (Opaque cryptocurrencies) ကနေတဆင့် ငွေအပေးအယူလုပ်ကြပါတယ်။ သူတို့လုပ်ဆောင်နေတာတွေကိုထောက်လှမ်းဖို့ခက်ခဲအောင်၊ သူတို့ဘယ်နိုင်ငံကနေ လုပ်နေတယ်ဆိုတာမသိအောင်၊ အင်ခရစ်ပ်ရှင်း (encryption) ခေါ် လျို့ဝှက်ကုဒ်စနစ်အသုံးပြုထားတဲ့ သီးသန့်ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုပါတယ်။ လူကုန်ကူးသူတွေဟာ သူတို့သိမ်းသွင်းထားတဲ့ လူကုန်ကူးခံရသူတွေကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အတင်းအဓမ္မ အလုပ် ပြန်ခိုင်းပါတယ်။”

ကျားမ၊ လူမျိုး၊ လူတန်းစား စသည်ဖြင့်၊ ဘယ်လိုလူတွေက လူကုန်ကူးမှုရဲ့သားကောင်ဖြစ်နိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို လူမှုကွန်ယက်တွေဖြစ်စေနိုင်တယ်လို့ ဝန်ကြီးဘလင်ကန်ကသတိပေးပါတယ်။

“လူကုန်ကူးမှုဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကိုပဲ ထိခိုက်တယ်ဆိုတဲ့ အချက်ဟာမမှန်ပေမယ့် နိုင်ငံ အတော်များများမှာ ဒါကိုကျယ်ကျယ်ပြန့်ပြန့်လက်ခံထားပါတယ်။ ဒီလိုလွဲမှားတဲ့အယူအဆဟာ လူအဖွဲ့အစည်းတွေ အတွင်းမှာအကန့်အသတ်တွေဖြစ်စေသလို၊ အစိုးရတွေအတွက်လည်းဖြစ်စေပါတယ်။ လူကုန်ကူးခံရသူတွေကိုယ်တိုင် ဖြစ်ဖြစ်ချင်း မတရားအလုပ်ခံရတယ်ဆိုတာကိုသိဖို့အကန့်အသတ်တွေဖြစ်စေပါတယ်။”

ဒီနှစ်အစီရင်ခံစာထဲမှာတော့ ဒီလိုနည်းပညာတွေနဲ့ပဲ လူကုန်ကူးမှုတွေကို ဘယ်လိုဖေါ်ထုတ်တိုက်ဖျက်မလဲဆိုတာကို ဖေါ်ပြထားပါတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကပြောပါတယ်။

“အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကဏ္ဍပူးပေါင်းပြီး ဉာဏ်ရည်တုနည်းပညာနဲ့ လူကုန်ကူးသူတွေရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းနိုင်ဖို့လုပ်နေပါတယ်။ ထိပ်တန်းနည်းပညာကုမ္ပဏီတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး လူကုန်ကူးသူတွေရဲ့ လမ်းကြောင်းနဲ့နည်းလမ်းတွေကိုစောင့်ကြည့်လေ့လာနိုင်မယ့် ကိရိယာတွေဖန်တီး နေပါတယ်။ ဒီနည်းပညာကနေတဆင့် အစိုးရတွေအနေနဲ့ ကိုယ်ရဲ့အားနည်းချက်တွေကို သိရှိနိုင်မှာဖြစ်သလို လူကုန်ကူး မှုနဲ့လိမ်လည်မှုတွေ ကိုထိထိရောက်ရောက်စုံစမ်းဖေါ်ထုတ်အရေးယူနိုင်မှာဖြစ်ပါတယ်။”

လူတဦးချင်းအလိုက်ဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ မတရားအလုပ်ခံရနိုင်သူတွေအတွက် သတင်းအချက်အလက် တွေပေးနိုင်မယ့် မိုဘိုင်းအက်ပလီကေးရှင်းတခုကို အရပ်ဖက်အဖွဲ့အစည်းတွေက စတင်လိုက်ပါတယ်။ သူတို့ရဲ့အခွင့်အရေးတွေ၊ လုပ်ခလစာတွေ၊ အလုပ်ရှင်ကပြောတဲ့လုပ်ငန်းအခြေအနေတွေ စတာတွေနဲ့ပတ်သက်တဲ့သတင်း အချက်အ လက်တွေကိုသိနိုင်ဖို့ဖြစ်ပါတယ်။ အခြား ဒီဂျစ်တယ်ကိရိယာတွေကတော့ အလုပ်သမားတွေအနေနဲ့ လူကုန်ကူးမှုအချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်ဖို့နဲ့ သတင်းပို့နိုင်ဖို့ဖြစ်ပါတယ်။

လူကုန်ကူးမှုဟာ အလွန်ကျယ်ပြန့်တဲ့ပြဿနာဖြစ်တာကြောင့် တိုင်းပြည်တပြည်တည်းနဲ့မလုပ်ဆောင်နိုင်ပါဘူးလို့လည်း ဝန်ကြီးဘလင်ကန်ကပြောပါတယ်။ ဒီပြဿနာကိုရင်ဆိုင်ဖို့အတွက် အစိုးရတွေတခုတည်းနဲ့လည်းမဖြစ်နိုင်ပါဘူး။ ပုဂ္ဂလိကဏ္ဍတွေ၊ အရပ်အဖွဲ့အစည်းတွေ၊ နိုင်ငံပေါင်းစုံအဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ ရှုတ်ထွေးတဲ့အခြေအနေတွေကို နားလည်ပြီးကြီးကြပ်လုပ်ဆောင်နိုင်သူတွေစတဲ့သူတွေအားလုံးပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG