Accessibility links

Breaking News

ဆိုက်ဘာရာဇဝတ်မှုနဲ့ပတ်သက်လာတဲ့ အာရှက လူကုန်ကူးမှု(အမေရိကန်အစိုးရအာဘော်)


CAMBODIA-FRAUD/
CAMBODIA-FRAUD/

အမေရိကန် ပြည်ထောင်စုက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှု အစီရင်ခံစာက ဆိုက်ဘာ ရာဇဝတ်မှု လိမ်လည်မှုဆိုင်ရာ လုပ်ငန်းတွေမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ စတင် လုပ်ဆောင်လာတဲ့ လူကုန်ကူးမှု ပုံစံတမျိုး ကြီးထွားလာပြီး ဘေးအန္တရာယ်ကြီးလာကြောင်း မီးမောင်းထိုးပြထားပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Cindy Dyer က "လူကုန်ကူးသူ တွေဟာ ကပ်ရောဂါကြောင့် စီးပွားရေး ဆုတ်ယုတ်မှု၊ ကမ္ဘာတဝန်း လူငယ်အလုပ်လက်မဲ့များ တိုးပွားလာမှုနဲ့ နိုင်ငံတကာ ခရီးသွားလာမှု ကန့်သတ်ချက်တွေကို အခွင့်ကောင်းယူပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ အရွယ်ရောက်ပြီးသူနဲ့ ကလေးထောင်ပေါင်းများစွာကို ဘီလီယံပေါင်းများစွာ ဖြစ်ထွန်းတဲ့ ဆိုင်ဘာ ရာဇဝတ်မှု လုပ်ငန်းထဲမှာ လိမ်လည် ခိုင်းစေပြီး အမြတ်ထုတ်နေကြတယ်” လို့ မှတ်ချက် ပြုပါတယ်။

“သတင်းအချက်အလက်နည်းပညာ အိုင်တီ လုပ်ငန်း၊ ကာစီနိုလောင်းကစား လုပ်ငန်း ဒါမှမဟုတ် တခြား တရားဝင် လုပ်ငန်းတခုခုလို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အလုပ်တွေမှာ လုပ်ကိုင်ရမယ် ဆိုတဲ့ အလုပ်ကမ်းလှမ်းမှုတွေကို လူအများက တုံ့ပြန်ခဲ့ကြပါတယ်။ သူတို့ဟာ ဘယ်လိုမှ ပြည့်မီအောင် လုပ်ဖို့ မဖြစ်နိုင်တဲ့ ကိုတာ ခွဲတမ်းစနစ် အစီအစဥ်တွေ အောက်မှာ မကြာခဏဆိုသလို အတင်းအကျပ် လုပ်ကိုင်ရပြီး လူကုန်ကုန်းသူတွေဆီ အကြွေးပိုတင်ရင်းနဲ့ ဆိုက်ဘာ လိမ်လည်လှည့်ဖြားတဲ့ ရာဇဝတ်မှု လုပ်ငန်းတွေမှာ စေခိုင်းခံနေရပါတယ်။ လူကုန်ကူး သူတွေဟာ ဒါကို အသုံးချပြီး အနည်းဆုံးနိုင်ငံနဲ့ နယ်မြေ ၃၅ ခုက လူတွေကို အထူးစီးပွားရေး ဇုန်တွေ အပါအဝင် အရှေ့တောင်အာရှတဝန်းမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လိင်ကုန်ကူးမှု တွေမှာ သားကောင်အဖြစ် ခေါင်းပုံဖြတ် စေခိုင်းကြပါတယ်။”

ဆိုက်ဘာရာဇဝတ်မှုနဲ့ပတ်သက်လာတဲ့ အာရှကလူကုန်ကူးမှု (အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:04:17 0:00

အရှေ့တောင်အာရှဒေသက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဆိုက်ဘာ ရာဇဝတ်မှု အွန်လိုင်း လိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းတွေကို တွေ့ရှိရပါတယ်။
ဒီရာဇ၀တ်မှုကို တိုက်ဖျက်ဖို့ အမေရိကန် အစိုးရက ပိုင်းဖြတ်ထားပါတယ်။

“ပထမ အချက်အနေနဲ့ လူကုန်ကူးခံရသူတွေကို ရှာဖွေဖော်ထုတ်ပြီး အကူအညီပေးနိုင်ရေး ဦးစားပေးလုပ်ဆောင်ဖို့ အစိုးရတွေနဲ့ အာဏာပိုင်တွေကို အားပေးတိုက်တွန်းနေပါတယ်။ ကြီးထွားလာနေတဲ့ လူကုန်ကူးမှုပြဿနာကို ဖြေရှင်းဖို့ အတွက် ဒေသတွင်းမှာ စွမ်းဆောင်ရည် တွေတည်ဆောက်ဖို့ နိုင်ငံခြားအကူအညီများ ပေးနေပါတယ်။ နောက်တခုက လူကုန်ကူးမှုကနေ လွတ်မြောက်လာသူတွေဟာ မကြာခဏဆိုသလို အုပ်ချုပ်ရေး၊ ရာဇ၀တ်မှု ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ အရေးယူခံမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိကြောင်း သတိပြုရပါမယ်။ ဒါကြောင့် ဆိုက်ဘာရာဇ၀တ်မှု စစ်ဆင်ရေးတွေမှာ အတင်းအဓမ္မ အလုပ်စေ ခိုင်းခံရတဲ့ ဒီလူတွေကို အပြစ်ပေးတာမျိုး မလုပ်ကြဖို့ အစိုးရတွေကို တိုက်တွန်းချင်ပါတယ်။”

သံအမတ်ကြီး Dyer က အာရှ-ပစိဖိတ်ဒေသက အစိုးရ အများအပြားဟာ ဒီဆိုင်ဘာ ရာဇဝတ်မှု လိမ်လည် လှည့်ဖြားတဲ့လုပ်ငန်း တွေကို “ကောင်းကောင်းမွန်မွန် နှိမ်နင်းနိုင်နေတယ်” လို့ ချီးကျူးခဲ့ပါတယ်။

ထိုင်ဝမ်မှာဆိုရင် လူကုန်ကူးခံရတဲ့ သားကောင်တွေကို ရှာဖွေဖော်ထုတ် နိုင်ရေးနဲ့ ရာဇ၀တ်မှု တွေမှာ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရသူတွေအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးပြီး အကာ အကွယ်ပေးနိုင်ရေး ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

လာအို အစိုးရဟာ ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်က သူ့နိုင်ငံသား လူကုန်ကူးခံရသူ သားကောင်တွေကို ပြန်လည် ကယ်တင်နိုင်ဖို့ နိုင်ငံတကာအာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ဟောင်ကောင် အာဏာပိုင်တွေကလည်း လူကုန်ကူးခံရသူတွေနဲ့ မိသားစုတွေ အတွက် ဆိုက်ဘာ-လိမ်လည်လှည့်ဖြားမှုဆိုင်ရာ ကိစ္စရပ်တွေကို သတင်းပို့နိုင်တဲ့ ဝက်ဘ်ဆိုဒ် အခြေခံ အပလီကေးရှင်းကို ဖန်တီးထားပေးထားပါတယ်။

ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသ တဝန်းမှာ လူကုန်ကူးခံရသူ အရေအတွက် များလာသလို ကျူးလွန်သူတွေကို တရားစွဲ အပြစ်ပေးနိုင်မှု အရေအတွက်လည်း တိုးလာကြောင်း သံအမတ်ကြီး Dyer က မှတ်ချက်ပြုခဲ့ပါတယ်။

“ဒီလို တိုးလာတာက အားတက်စရာဖြစ်ပေမယ့် ဒေသတွင်းမှာ သိသာထင်ရှားတဲ့ လူကုန်ကူးမှု ပြဿနာတွေကို ဖြေရှင်းဖို့လုပ်စရာတွေ အများကြီးကျန်နေပါသေးတယ်” လို့ သံအမတ်ကြီး Dyer က ထောက်ပြထားပါတယ်။

XS
SM
MD
LG