ကမ္ဘာ့ပူနွေးမှု အဓိကမြင့်တက်လာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေထဲမှာ ကာဗွန်ဓာတ်ငွေ့ပြီးရင် မီသိန်းနဲ့ nitrous oxide တို့လို ဓာတ်ငွေ့တွေနဲ့ အိုဇုန်းလွှာကို ပျက်စီးစေတဲ့ hydrofluorocarbons ဓာတ်ငွေ့တွေ ပါဝင်နေကြပါတယ်။ super pollutants လို့လည်း သိကြတဲ့ အဲဒီညစ်ညမ်းလွန်ဓာတ်ငွေ့တွေကို ဖယ်ရှားပစ်မှသာ ကမ္ဘာ့အပူချိန်မြင့်တက်မှုကို အမြန်ဆုံးလျှော့ချနိုင်မှာဖြစ်ပြီး ဆိုးရွားလှတဲ့ သဘာဝဘေးဒဏ်တွေကိုပါ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
Biden-Harris အုပ်ချုပ်ရေးဘုတ်အဖွဲ့က လေထုညစ်ညမ်းစေတဲ့ အခြေခံရင်းမြစ်တွေကို မှတ်တမ်းပြုစုနေပြီး အဲဒီထဲမှာ ကမ္ဘာ့အပူချိန်တွေ အဆိုးဆုံးမြင့်တက်စေတဲ့ super pollutants ညစ်ညမ်းလွန်ဓာတ်ငွေ့တွေကိုပါ လေ့လာနေပါတယ်လို့ ဥတုရာသီရေးရာ သမ္မတအိမ်ဖြူတော်အကြံပေးပုဂ္ဂိုလ် Ali Zaidi က ပြောပါတယ်။
ကမ္ဘာ့ပူနွေးမှုမြင့်တက်လာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ တဝက်လောက်က Nitrous Oxide, Methane နဲ့ hydrofluorocarbons ဓာတ်ငွေ့တွေဖြစ်တယ်လို့ လည်း Zaidi ကပြောပါတယ်။ ညစ်ညမ်းလွန်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ပူနွေးမှုမြင့်တက်လာတဲ့အတွက် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာပြီး ပြည်သူ့ကျန်းမာရေးပါ ထိခိုက်လာစေပါတယ်၊ ဖန်လုံအိမ် ဓာတ်ငွေ့တွေကြောင့် အပူချိန်မြင့်တက်ပြီး လေထုညစ်ညမ်းမှုဆိုးရွားလွန်းတဲ့အတွက် ဆက်စပ် သေဆုံးသူထောင်နဲ့ချီရှိသလို အရေးပေါ်ဌာနကို ရောက်လာကြတဲ့သူကလည်း သောင်းနဲ့ချီရှိတယ်လို့လည်း ဥတုရာသီရေးရာအကြံပေး Ali Zaidi ကပြောပါတယ်။
မီသိန်း၊ nitrous oxide နဲ့ hydrofluorocarbons စတဲ့ Super Pollutants ညစ်ညမ်းလွန်ဓာတ်ငွေ့ထုတ်လွှတ်မှုထိန်းချုပ်ရေး ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက ရေရှည်မျှော်မှန်းချက်နဲ့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အိုဇုန်းလွှာပျက်စီးစေတဲ့ ဓာတ်ငွေ့လျှော့ချရေး သဘောတူညီချက်ဖြစ်တဲ့ Kigali Amendment၊ Kigali ပြင်ဆင်ချက်ကို တကမ္ဘာလုံးက လိုက်နာခဲ့ကြတာပါ။ အမေရိကန်ပြည်ထောင်စုကတော့ စက်မှုထုတ်ကုန်တွေမှာ ညစ်ညမ်းလွန် ဓာတ်ငွေ့တမျိုးဖြစ်တဲ့ hydrofluorocarbons ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရမယ်ဆိုတဲ့ အထက်လွှတ်တော်က အတည်ပြုပြီးသား AIM ဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်နေပါတယ်လို့လည်း အိမ်ဖြူတော်ရဲ့ ဥတုရာသီရေးရာ အကြံပေး Zaidi ကပြောပါတယ်။
မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်လို့လည်း အလားတူစီမံဆောင်ရွက်နေပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးအတွက် ပြည်တွင်းလုပ်ငန်းအစီအစဥ်တွေကိုပါချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာတင် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး သမ္မတအမိန့် ၁၀၀ ကျော်ထုတ်ပြန်ခဲ့သလို ကမ္ဘာ့နိုင်ငံ ၁ ရာကျော်တို့ကလည်း အဲဒီဆောင်ရွက်ချက်တွေမှာ ပူးပေါင်းလာကြပါတယ်။
နိုဝင်ဘာလလယ်ပိုင်းမှာတော့ တရုတ်၊ အဇာဘိုင်ဂျန်နိုင်ငံတို့နဲ့အတူ အမေရိကန်နိုင်ငံက Super Pollutants ညစ်ညမ်းလွန်ဓာတ်ငွေ့တွေထုတ်လွှတ်မှု အမြန်လျှော့ချနိုင်ရေး ထိပ်သီးအစည်းအဝေးတရပ်ကို ခေါ်ယူကျင်းပခဲ့တာပါ။
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေ၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တို့ကလည်း ညစ်ညမ်းလွန်ဓာတ်ငွေ့တွေဖယ်ရှားတဲ့နေရာမှာ သုံးစွဲဖို့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ရန်ပုံငွေဒေါ်လာ ၂ ဘီလီယံထိ စုဆောင်းနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။
တချိန်ထဲမှာပဲ အမေရိကန်ပြည်ထောင်စုအပါအဝင် အစိုးရအဖွဲ့အတော်များများက ညစ်ညမ်းလွန်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး မူဝါဒသစ်တွေကို ကြေညာခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်အစီအစဥ် UNEP နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP တို့ကလည်း Nitrous Oxide ဓာတ်ငွေ့ ရဲ့ ဥတုရာသီအပေါ် သက်ရောက်မှုကို ကမ္လာတဝန်းလုံးမှာ ဆန်းစစ်အကဲဖြတ်ဖို့ လုပ်ငန်းသစ်တခု စတင်လိုက်ပါတယ်။ ဥတုရာသီပြောင်းလဲစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထဲမှာ Nitrous Oxide ဓာတ်ငွေ့ရဲ့ ပါဝင်မှုက တတိယအများဆုံးဖြစ်ပါတယ်။
Nitrous Oxide ဓာတ်ငွေ့ဟာလည်း ကမ္ဘာ့ညွန့်ပေါင်းအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကိုင်တွယ်ရမယ့် နောက်ထပ်ညစ်ညမ်းလွန်ဓာတ်ငွေ့တမျိုးဖြစ်တယ်လို့ လည်း Ali Zaidi ကပြောပါတယ်။ ပါရီမှာ နိုင်ငံစုံသဘောတူခဲ့ကြသလို စက်မှုခေတ်ဦးကာလကထက် ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီကျော်မသွားအောင်ထိန်းထားနိုင်အောင် သိပ္ပံဆိုင်ရာအချက်အလက်တွေက အထောက်အကူပြုမှာဖြစ်တဲ့အတွက် ဒီလေ့လာဆန်းစစ်မှုသစ်က အရေးကြီးတယ်လို့လည်း ဥတုရာသီရေးရာ သမ္မတအိမ်ဖြူတော်အကြံပေးပုဂ္ဂိုလ် Ali Zaidi က ပြောပါတယ်။