Accessibility links

Breaking News

ဗီယက်နမ်နိုင်ငံ လူ့အခွင့်အရေး မြှင့်တင်ခြင်း (အမေရိကန်အစိုးရအာဘော်)


Emirates Soccer AFC Asian Cup Japan Vietnam
Emirates Soccer AFC Asian Cup Japan Vietnam

(ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဗျူရို၊ ယာယီလက်ထောက်အတွင်းဝန်၊
အမေရိကန် နိုင်ငံခြားရေးဌာန)
“အခုအချိန်မှာ ဗီယက်နမ်နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ ကြီးထွားလာနေလို့ ကျွန်မတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ အရင်ကထက် ပိုကြိုးစားနေပါတယ်။”

အမေရိကန် လွှတ်တော်မှာ သိပ်မကြာခင်က ကျင်းပခဲ့တဲ့ ဗီယက်နမ်လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်မှာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Erin Barclay က မိန့်ခွန်းပြောခဲ့ပါတယ်။

“အစိုးရကို ဝေဖန်တာအပါအဝင် ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုနေကြတဲ့ သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ သာမန် ဗီယက်နမ်နိုင်ငံသားတွေကို ပစ်မှတ်ထား နှောင့်ယှက်မှု၊ တရားမျှတမှုမရှိတဲ့ ဖမ်းဆီးမှုတွေနဲ့ ပြင်းပြင်းထန်ထန် ထောင်ချမှုတွေက တကယ့်ကို စိုးရိမ်ဖွယ်ရာ ကောင်းတဲ့ ပုံစံ ဖြစ်လာနေပါတယ်။”
ဗီယက်နမ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၁၆၀ ကျော်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံးကို လွှတ်ပေးပြီး လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့် အပါအဝင် သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ဗီယက်နမ် အစိုးရကို ဆက်လက် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

ဗီယက်နမ်နိင်ငံဟာ တခြား လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာတော့ တိုးတက်လာနေပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေနဲ့ LGBTIQ+ လို့ခေါ်တဲ့ လိင်စိတ်ကွဲပြားသူ၊ လိင်တူချင်း တိမ်းညွတ်သူတွေရဲ့ အခွင့်အရေးဆိုင်ရာတွေကို အကာအကွယ်ပေးတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဗီယက်နမ်ဟာ နိုင်ငံတကာစံနှုန်းများနဲ့ ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေရှိစေဖို့ နိုင်ငံရဲ့ အလုပ်သမားဥပဒေတွေကိုလည်း ပြုပြင်မွမ်းမံထားပါတယ်။

“ဒါပေမယ့် ဒီလောက်ကလေး တိုးတက်လာရုံနဲ့ ခွဲခြား ဖယ်ကျဉ် ခံထားရတဲ့ လူဦးရေအားလုံး အပေါ် မသက်ရောက်သလို လွတ်လပ်စွာ ဘာသာရေး ယုံကြည် ကိုးကွယ်ခွင့် အပေါ် လည်း မသက်ရောက်ပါဘူး။”

“ဘာသာရေးခေါင်းဆောင်များ အထူးသဖြင့် အသိအမှတ် ပြုခံရခြင်း မရှိတဲ့ ဒါမှမဟုတ် တရားဝင် မှတ်ပုံတင် လက်မှတ်မရှိတဲ့ အုပ်စုဝင်တွေ အပေါ် ယုံကြည်မှု တခုခု အတင်းအဓမ္မ သွတ်သွင်းတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ ဖမ်းဆီးတာနဲ့ တရားစွဲဆိုတာတွေ အပါအဝင် အစိုးရရဲ့ နှောင့်ယှက်မှု ဖြစ်စဉ်တွေက ဆက်လက် ဖြစ်ပေါ် နေပါတယ်။

ဗီယက်နမ်နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ပြင်းပြင်းထန်ထန် ချိုးဖောက်ရာမှာ ပါဝင်ပတ်သက်နေမှု ဒါမှမဟုတ် ချိုးဖောက်မှုတွေကို ခွင့်ပြုထားမှုကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ အထူးစောင့်ကြည့်စာရင်းဝင်နိုင်ငံအဖြစ် မနှစ်က သတ်မှတ်ခဲ့ပါတယ်။


“ဗီယက်နမ်အနေနဲ့ အနာဂတ်မှာ ဒီသတ်မှတ်ချက်တွေကို ရှောင်ရှားချင်တယ်ဆိုရင် ဘာသာရေးလွတ်လပ်ခွင့်အတွက် အကာအကွယ်တွေ ခိုင်ခိုင်မာမာရရှိစေဖို့ သိသာထင်ရှားပြီးရေရှည်တည်တံ့တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ရပါမယ်။”

“အမေရိကန် ပြည်ထောင်စုအနေနဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင် ဆက်လက်လုပ်ဆောင်နေချိန် တပြိုင်တည်းမှာပဲ ဗီယက်နမ်အစိုးရအနေနဲ့ နိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားကြောင်း သေချာစေဖို့အတွက် ကြိုးပမ်းရမယ့် အရေးကြီးပုံကို ကျွန်မတို့ မျက်ခြည်ပြတ်ခံ မှာမဟုတ်ပါဘူး။”

XS
SM
MD
LG