Accessibility links

Breaking News

ရခိုင်အကြမ်းဖက်မှု ကန်အထူးစိုးရိမ် (အမေရိကန်အစိုးရအာဘော်)


အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌနာ ပြောခွင့်ရ Matthew Miller (မတ် ၁၄၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌနာ ပြောခွင့်ရ Matthew Miller (မတ် ၁၄၊ ၂၀၂၄)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ မြို့ရွာတွေမီးအရှို့ခံရတာနဲ့ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံတွေ နေရာရွှေ့ပြောင်းခံနေရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဒေသခံ အသိုင်းဝိုင်းတွေကြား တင်းမာမှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့သတင်းတွေကြောင့် အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်စိတ်ပူကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီလို ဖြစ်ပွါးနေတာတွေနဲ့အတူ သတင်းတုတွေ၊ သတင်းမှားတွေနဲ့ အမုန်းပွါးဖွယ် ခွဲခြားပြောဆိုမှုတွေ ပြန့်နေပြီး ရိုဟင်ဂျာတွေကို အဓမ္မစစ်မှုထမ်းခိုင်းနေတယ်ဆိုတဲ့ စိုးရိမ်ဘွယ်သတင်းတွေပါ ထွက်ပေါ်နေတယ်လို့ ပြောပါတယ်။

မွတ်ဆလင်လူနည်းစု တဲ့ ရိုဟင်ဂျာတွေဟာ စစ်တပ်ရဲ့လူမျိုးတုန်းဖယ်ရှားရှင်းလင်းမှု စီမံချက်စတင်ခဲ့တဲ့ ၂၀၁၇ ကစပြီး ကြောက်မက်ဖွယ် အကြမ်းဖက်ခံရတဲ့သားကောင်တွေဖြစ်ခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်းကျော်ဟာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို နယ်စပ်ကျော်ဖြတ်ထွက်ပြေးခဲ့ကြပါတယ်။ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာလည်း စစ်အာဏာရှင်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုတွေကို ရက်ရက်စက်စက် ဖြိုခွဲခဲ့ပါတယ်။ ရလဒ်ကတော့ နိုင်ငံတလွှား လူထုအကြမ်းဖက်မှုတွေနဲ့အတူ လက်နက်ကိုင်တော်လှန်မှု ကြီးထွားလာတာ ဖြစ်ပါတယ်။

မကြာခင် သီတင်းပတ်တွေထဲမှာတော့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေ နောက်တချီ ဒုက္ခခံစားကြရပြီး ဒေသတွင်းအကြမ်းဖက်မှုတွေကြောင့် ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတာပါ။ စစ်ကောင်စီတပ်တွေနဲ့ ဗုဒ္ဓသာသာဝင်အများစုပါ အာရက္ခတပ်တော် AA လက်နက်ကိုင်တော်လှန်တဲ့တပ်ဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး ဘူးသီးတောင်မြို့နဲ့ ဝန်းကျင်ကျေးရွာ အများအပြားမှာရှိတဲ့ ရိုဟင်ဂျာနေအိမ် ထောင်ပေါင်းများစွာဟာ မီးအရှို့ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံက စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ လူမျိုးတုံးရှင်းလင်းမှုနဲ့ တခြားလူသားစာနာမှု ရာဇဝတ်မှုဆိုင်ရာ အရင်က ကျူးလွန်ခဲ့တာတွေနဲ့အတူ ရခိုင်နဲ့ တခြားဒေသတွေမှာ မတူကွဲပြားတဲ့ အုပ်စုတွေကြား တင်းမာမှုတွေ ကြီးထွားလာအောင် လုပ်လေ့ရှိတဲ့သမိုင်းကိုကြည့်ရင် ဒေသခံ အရပ်သားတွေအတွက် အန္တရာယ် အတော်ကြီးမားနေတယ်ဆိုတာ အထူးပြသနေတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အနေနဲ့ အရပ်သားလူထုကို အကာကွယ်ပေးဖို့နဲ့ လူသားစာနာမှု အကူညီတွေ သူတို့ဆီရောက်အောင်ပေးခွင့်ပြုဖို့ တောင်းဆိုလိုက်ကြောင်းနဲ့ နိုင်ငံတကာ မိတ်ဆွေတွေအနေနဲ့လည်း ဒေသတွင်းအကြမ်းဖက်မှုတိုးတာတာကို ရှုတ်ချပြီး လူ့အခွင့်ရေးချိုးဖေါက်မှုတွေ တာဝန်ခံတာဝန်ယူမှုရှိစေဖို့၊ ကျူးလွန်သူတွေကိုအရေးယူဖို့နဲ့ အကြမ်းဖက်မှုကြောင့် ထွက်ပြေးရသူတွေ ထပ်ပြီး ရက်ရက်စက်စက် အသတ်မခံရအောင် အကာကွယ် ပေးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိခိုက်သေဆုံးရသူတွေနဲ့ အသက်မသေ ကျန်ရစ်သူတွေအတွက် တရားမျှတမှုရရေး အကူညီပေးဖို့ ဆက်လက် သံန္နိဌာန်ချထားဆဲဖြစ်တဲ့အပြင် ရက်စက်ကြမ်းကြုတ်မှုကျူးလွန်သူတွေ တာဝန်ခံတာဝန်ယူမှုရှိလာစေဖို့နဲ့ စစ်တပ် ဖြစ်စေ၊ တခြားလက်နက်ကိုင်တွေဖြစ်စေ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့အတိုင်း အရေးယူရမှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ရခိုင်အကြမ်းဖက်မှု ကန်အထူးစိုးရိမ်
(အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:03:32 0:00

XS
SM
MD
LG