Accessibility links

Breaking News

မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို (အမေရိကန်အစိုးရအာဘော်)


USA, New York, Robert Wood US representative in the United Nations (Foto: Youtube/@United nations)
USA, New York, Robert Wood US representative in the United Nations (Foto: Youtube/@United nations)

မြန်မာနိုင်ငံတွင်း အခြေအနေဟာဆိုရင် နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး အထူးသဖြင့်တော့ အင်ဒို ပစိဖိတ် ဒေသတွင်း နိုင်ငံတွေ အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူး သံအမတ်ကြီး Robert Wood က ပြောပါတယ်။

မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို

မြန်မာ စစ်တပ်က နိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီးနောက် သုံးနှစ် အကြာမှာ နိုင်ငံဟာ ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်း အခြေအနေဟာဆိုရင် နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး အထူးသဖြင့်တော့ အင်ဒို ပစိဖိတ် ဒေသတွင်း နိုင်ငံတွေ အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူး သံအမတ်ကြီး Robert Wood က ပြောပါတယ်။ ခြိမ်းခြောက်မှုဖြစ်စေတဲ့ ကိစ္စရပ် သုံးခုကို အမေရိကန်က အလေးထား ဖော်ပြလိုပါတယ်။


ပထမ အချက်ကတော့ ပြီးခဲ့တဲ့ ၅ လတာ အတွင်း မြန်မာ စစ်တပ်ရဲ့ အရပ်သားတွေ အပေါ် လေကြောင်း တိုက်ခိုက်မှုဟာ ၅ ဆ တိုးလာပါတယ်။ ၂၀၂၃ နိုဝင်ဘာလ ကနေ ၂၀၂၄ မတ်လ အစောပိုင်း အတွင်းမှာ မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုပေါင်း ၅၈၈ ကြိမ် လုပ်ခဲ့ပြီး ၃၄ ရာခိုင်နှုန်က အရပ်သားတွေကို ထိခိုက်စေခဲ့ပါတယ်။ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မီးရှို့တာတွေကြောင့်လည်း တရားမဝင် အာဏာသိမ်းခဲ့တဲ့ လွန်ခဲ့တဲ့ သုံးနှစ်က စလို့ အိုးအိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ သာသနိက အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ လေကြောင်း တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး အတွက် မြန်မာ စစ်တပ်ကို လေယာဉ် ဆီ ရရှိမှုကို ကန့်သတ်တားမြစ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အမေရိကန်က တိုက်တွန်းကြောင်းလည်း သံအမတ်ကြီး Wood က ပြောပါတယ်။ ဒုတိယ အနေနဲ့ကတော့ နှစ်ပေါင်းများစွာ ပဋိပက္ခတွေ အတွင်း မပေါက်ကွဲသေးဘဲ ကြွင်းကျန် စစ်လက်နက်တွေ၊ နောက် မြန်မာ့ ပဋိပက္ခမှာ ပါဝင် ပတ်သက်သူ အားလုံးက မြေမြှုပ်မိုင်းတွေ ပိုပြီး သုံးလာတာတွေကြောင့်လည်း နိုင်ငံဟာ ကမ ္ဘာမှာ ပေါက်ကွဲပစ္စည်းတွေ အများဆုံး ရှိနေတဲ့ နိုင်ငံတခု ဖြစ်လာနေတယ်လို့လည်း သံအမတ်ကြီး Wood က ပြောပါတယ်။

ဝမ်းနည်းစရာ အခြေအနေတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ထပ်ပြီး ကြုံတွေ့နေရတဲ့ ကိစ္စကတော့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ကြွင်းကျန် စစ်လက်နက်တွေကြောင့် နေ့စဉ် ပျမ်းမျှ လူ ၃ ဦး သေဆုံး ဒါမှမဟုတ်လည်း ထိခိုက်ဒဏ်ရာ ရရှိနေပါတယ်။ မြေမြှုပ်မိုင်းတွေနဲ့ စစ်ကျန် ပေါက်ကွဲပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အရေအတွက်က ပြီးခဲ့တဲ့နှစ် အတွင်း ၂ ဆကျော် တိုးလာကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF ကလည်း အစီရင်ခံထားပါတယ်။

အလုံးစုံ ခြုံငုံ ချဉ်းကပ်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူ ဆောင်ရွက်မှု မရှိရင်တော့ ဒီ တုန်လှုပ်ခြောက်ခြားစရာ အခြေအနေတွေရဲ့ သားကောင်ဖြစ်ရသူ အရေအတွက်ဟာ လာမယ့် ဆယ်စုနှစ်တွေ အတွင်း နှစ်စဉ် နှစ်တိုင်း တိုးလာပါလိမ့်မယ်။ မိုင်းရှင်းလင်းရေးနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေ ရှင်းလင်းရေးကို ချက်ချင်း ခွင့်ပြုဖို့ မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူ အားလုံးကို တောင်းဆိုပါတယ်လို့လည်း မစ္စတာ Wood က ပြောပါတယ်။ နောက်ဆုံး အချက်ကတော့ မြန်မာနိုင်ငံတွင်းက အကူအညီ လိုအပ်နေသူတွေကို လူသားချင်း စာနာကူညီမှု အကူအညီတွေ တိုးပေးရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၇ ခုနှစ်ကစလို့ မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ ဒေသတွင်းက ရိုဟင်ဂျာ ပြဿနာ တုံ့ပြန်ကိုင်တွယ်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ထည့်ဝင်ပြီး ဖြစ်ပါတယ်။ လူသားချင်း စာနာမှု ဆိုင်ရာ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်တွေ အတွက် တခြားသော အလှူရှင်တွေကလည်း ရန်ပုံငွေ တိုးပေးကြဖို့ ကျနော်တို့ အားတက်သရော ပန်ကြားပါတယ်။

ရန်ပုံငွေ ထည့်ဝင်မှုက အရေးပါတယ်ဆိုပေမဲ့ လိုအပ်နေသူတွေ လူသားချင်း စာနာထောက်ကူမှုတွေကို ရရှိနိုင်မှသာ အရာရောက်ပါမယ်လို့လည်း သံအမတ်ကြီး Wood က ပြောပါတယ်။ ဒါကြောင့်လည်း လူသားချင်း စာနာထောက်ကူမှု ပေးသူတွေကို အတားအဆီး အနှောင့်အယှက် မရှိ ဝင်ရောက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် လူသားချင်းစာနာထောက်ကူမှု ပေးသူတွေနဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေ အတွက် လုံခြုံရေး၊ ဘေးကင်းမှုနဲ့ လွတ်လပ်မှု ရှိရေး လိုအပ်သလို ဆောင်ရွက်ဖို့လည်း တောင်းဆိုကြောင်း သံအမတ်ကြီး Wood က ပြောပါတယ်။

XS
SM
MD
LG