Accessibility links

Breaking News

အရှေ့တောင်အာရှဒေသ မဟာမိတ်နဲ့မိတ်ဖက်တွေရဲ့စိုးရိမ်ကြောင့်ကျမှု (အမေရိကန်အစိုးရအာဘော်)


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink

စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းနိုင်ငံ ခရီးစဉ်တွေအပြီးမှာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က အရှေ့တောင်အာရှက မိတ်ဆွေနိုင်ငံအများအပြားဟာ တောင်တရုတ်ပင်လယ်အရေး စိုးရိမ်နေကြကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တခုလုံးလိုလိုကို သူတို့ရဲ့အချုပ်အခြာအာဏာပိုင်အဖြစ် တောင်းဆိုနေချိန်မှာ ဒီကိစ္စ ရေပိုင်နက် အငြင်းပွားနေကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြားမှာ စိုးရိမ်ချက်က အထူးမြင့်မားလာနေတယ်လို့ သူက ပြောပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ပြီး တောင်တရုတ်ပင်လယ်ထဲမှာ ခြေလှမ်းတွေလှမ်းနေတဲ့ သာဓကများစွာကိုတွေ့မြင်ခဲ့ရပြီး မိတ်ဆွေနိုင်ငံတွေကို ခြိမ်းခြောက် အကျပ်ကိုင်နေပါတယ်။ ဒါက လုံးဝ လက်သင့်ခံနိုင်စရာမရှိသလို ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေပါတယ်။”

ဒီလုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာနေတဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုဟာ နည်းလမ်း ၃ သွယ်နဲ့လုပ်ဆောင်နေကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kritenbrink က ပြောပါတယ်။

“ပထမ အချက်ကတော့ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအဖွဲ့) ထဲက မိတ်ဖက်နိုင်ငံတွေအပါအဝင် ကျနော်တို့ရဲ့ သံခင်းတမန်ခင်းနည်းလမ်း ဆောင်ရွက်ချက်တွေကို ဆက်လက်အာရုံစိုက်ပါမယ်။ ဒီနည်းနဲ့ ရေပိုင်နက်အငြင်းပွားနေကြတဲ့ တောင်းဆိုသူအားလုံးအပါအဝင် နိုင်ငံအားလုံးအနေနဲ့ သူတို့ရဲ့တောင်းဆိုချက်တွေဟာ နိုင်ငံတကာဥပဒေ အတိုင်း ဖြစ်စေရပါမယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ပျံသန်းခွင့်နဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းရေးကို အသိအမှတ်ပြု လေးစားလိုက်နာဖို့ ပိုင်နက်အငြင်းပွားနေကြတဲ့ နိုင်ငံအားလုံးဟာ ကတိကဝတ်ပြုစေရပါမယ်။”

ဒုတိယအချက်ကတော့ " အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေး၊ စီးပွားရေး၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ ရေကြောင်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် လက်လှမ်းမီ သိရှိနားလည်နိုင်မှု စွမ်းရည်တည်ဆောက်နိုင်ဖို့ ကျနော်တို့ဟာ အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ ငွေကြေးများစွာ သုံးစွဲနေပါတယ်" လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kritenbrink က ပြောပါတယ်။ “နိုင်ငံတွေက သူတို့ရဲ့ ရေပိုင်နက်နယ်မြေတွေမှာ ဖြစ်ပျက်နေတာကို နားလည်သဘောပေါက်ပြီး သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေကို ခုခံကာကွယ်လာနိုင်မယ်ဆိုရင် ဒေသတွင်း တည်ငြိမ်ရေးကိုလည်း ပိုမိုမြှင့်တင်ပေးမယ်လို့ ယုံကြည်ပါတယ်။”

“တတိယနဲ့ နောက်ဆုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကိုယ်ပိုင်စစ်ဆင်ရေးတွေကတဆင့် ဒေသတွင်းမှာ နေ့စဉ်ပုံမှန် လှုပ်ရှားနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပြီး ကျနော်တို့ဟာ နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့နေရာတိုင်းမှာ ဆက်လက်ပြီး လေယာဥ်တွေ ပျံသန်းတာ၊ သင်္ဘောတွေ လှည့်လည် ခုတ်မောင်းတာတွေ လုပ်ဆောင်နေခြင်း အားဖြင့် နိုင်ငံတိုင်းဟာ အခွင့်အရေးတွေကို တူညီစွာ မျှဝေခံစားနိုင်စေဖို့ ဖြစ်ပါတယ်။"

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kritenbrink က "အမေရိကန်ပြည်ထောင်စုရဲ့ မျှော်မှန်းချက်ပန်းတိုင်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို မြှင့်တင်ဖို့ ဖြစ်ပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပြီး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရုံသာမက အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ နိုင်ငံတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေရှိစေရေး အာမခံနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်း အားဖြင့် မှားယွင်းတဲ့ တွက်ဆချက်တွေနဲ့ ပဋိပက္ခတွေကို တားဆီးနိုင်မှာဖြစ်သလို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် အခွင့်အလမ်းတွေကို တိုးမြှင့်ပေးနိုင်မယ်လို့ အမေရိကန် ပြည်ထောင်စုက ယူဆထားပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG