Accessibility links

Breaking News

အကျပ်အတည်းစုံဆိုက်နေတဲ့ မြန်မာနိုင်ငံ (အမေရိကန်အစိုးရအာဘော်)


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခုက ယာယီခရစ်ယန်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းနေသူများ (အောက်တိုဘာ ၂၉၊ ၂၀၂၃)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခုက ယာယီခရစ်ယန်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းနေသူများ (အောက်တိုဘာ ၂၉၊ ၂၀၂၃)


မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်က ရွေးကောက်ပွဲ အပြတ်အသတ်ရှုံးနိမ့်ပြီးနောက် စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ အရပ်သားခေါင်းဆောင်တွေကိုဖမ်းဆီးခဲ့သလို ငြိမ်းချမ်းစွာဆန္ဒပြကန့်ကွက်တာတွေကိုလည်း အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကတိုက်ခိုက်နေသလို လူနေထူထပ်တဲ့မြို့ရွာတွေကို လုံးဝဖျက်စီးပစ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကအစီရင်ခံ ဖေါ်ပြထားပါတယ်။

“အချက်အလက်အထောက်အထားတွေနဲ့ဥပဒေရှု့ထောင့်ကနေ အသေအခြာစီစစ်သုံးသပ်ပြီး၊ ၂၀၁၇ ခုနှစ်တုန်းကလည်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားတွေအပေါ်ဆန့်ကျင်တဲ့ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကဆုံးဖြတ်ခဲ့” ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးနဲ့နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ သံအမတ်ကြီး Beth Van Schaack ကပြောဆိုခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၃ နှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီလိုလားသူတွေအပေါ် လူသားမဆန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့တယ်” လို့သံအမတ်ကြီး Van Schaack ကပြောပါတယ်။

“မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အခုအချိန်အထိ ထောင်နဲ့ချီတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေကို သတ်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေကိုလည်း ဖျက်စီးခဲ့ပါတယ်။ ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကိုပိတ်ပင်ထားသလို ဖမ်းဆီးထောင်ချတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ညှင်းပန်းနှိပ်စက်တာတွေကိုကျူးလွန်နေပါတယ်။”

မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေအတွင်း ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို တာန်ဝန်ယူမှုရှိအောင် ကြိုးပမ်းလုပ်ဆောင်မှုတွေဟာ မကြုံဖူးလောက်အောင် အမျိုးပေါင်းစုံထွက်ပေါ်လာခဲ့တယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
နိုင်ငံတကာအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့အကူအညီနဲ့ ဂမ်ဘီယာနိုင်ငံဟာ မြန်မာနိုင်ငံကို Genocide လူမျိုးတုံးသတ်ဖြတ်မှုဥပဒေအရ the Hague မြို့က ICJ နိုင်ငံတကာတရားရုံးမှာအမှုဖွင့်တရားစွဲဆိုထားပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်အောင် ကာကွယ်တားဆီးဖို့နဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အထောက်အထားတွေကို ဖျောက်ဖျက်မပစ်ဖို့ ၂၀၂၀ ခုနှစ်မှာ နိုင်ငံတကာခုံရုံးကနေ ချမှတ်ခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေတွေက တရားရုံးကိုစွဲချက်တင်ဖို့ပြင်ဆင်ရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အချက်အလက်အထောက်အထားတွေ ပံ့ပိုးပေးခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေအဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီပြန်လည်ဖေါ်ဆောင်ရေးလမ်းကြောင်းပေါ်ပြန်ရောက်ရေးက အမေရိကန်ပြည်ထောင်စုရဲ့အဓိက ဦးစားပေးအစီအစဉ်ဖြစ်ပါတယ်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်ခဲ့ပါတယ်။ အရပ်သားတွေကို သတ်ဖြတ်နှိပ်စက်နေတဲ့အစိုးရပိုင် လုပ်ငန်းတွေဆီကဒေါ်လာငွေစီးဆင်းမှု ပိတ်ပင်ကန့်သတ်တာတွေအပါအဝင် နိုင်ငံရေး စီးပွားရေးဖိအားပေးမှုတွေကိုတိုးမြှင့်ခဲ့ပါတယ်။”

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒုက္ခသည်တွေအပြင် အခြားလိုအပ်ချက်တွေအတွက် ဒေါ်လာ ၄.၂ ဘီလီယံနီးပါးကိုလည်း အမေရိကန်အစိုးရက ထောက်ပံ့ပေးခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ ယုတ်မာရက်စက်တဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အထောက်အထား အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်စုဆောင်းသွားမယ်လို့လည်း သူကပြောပါတယ်။ မြန်မာပြည်သူတွေရဲ့ အမှန်တရားနဲ့တရားမျှတမှုတွေအတွက် ကြိုးပမ်းမှုအားလုံးကို ဆက်လက်ထောက်ခံပံ့ပိုးသွားပါမယ်လို့လည်း သံအမတ်ကြီး Van Schaack က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG