အမေရိကန် ပြည်ထောင်စုရဲ့ ၃၉ ဦးမြောက် သမ္မတ Jimmy Carter ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ အသက် ၁၀၀ အရွယ်မှာ သူ့ရဲ့ ဇာတိ ဂျော်ဂျီယာပြည်နယ်၊ ပလိန်းမြို့က နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ရိုစလင်း ကတော့ ၂၀၂၃ ခုနှစ် အသက် ၇၇ နှစ် အရွယ်မှာ သူ့အရင် ကွန်လွန်ခဲ့ပါတယ်။
သမ္မတ ကာတာရဲ့ ပြည်သူ့ဝန်ထမ်းဘဝကိုတော့ ၁၉၄၃ ခုနှစ်မှာ အမေရိကန် ရေတပ် အကယ်ဒမီကျောင်းမှာ ဗိုလ်လောင်းအဖြစ်နဲ့ စတင်ခဲ့တာပါ။ ဂျော်ဂျီယာပြည်နယ် ဇာတိဖွား ဒီမိုကရက် တဦးဖြစ်တဲ့ ကာတာဟာ သူ့ဇာတိပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အဖြစ် ၁၉၇၀ ပြည့်နှစ်မှာ ရွေးကောက်ခံခဲ့ရပါတယ်။
၁၉၇၆ ခုနှစ်မှာတော့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီအချိန်က ရီပတ်ပလီကန် သမ္မတ ဂျရဲလ်ဖို့ဒ့်ကို အနိုင်ရပြီး သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ သူ့သမ္မတ သက်တမ်းအတွင်း ထင်ရှားတဲ့ ဆောင်ရွက်ချက် တခုကတော့ ၁၉၇၈ ခုနှစ် ကမ့်ဒေးဗစ် သဘောတူညီချက်တွေဖြစ်ပြီး ဒါဟာ အစ္စရေးလ်နဲ့အီဂျစ်ကြား သမ္မတကာတာ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေး စာချုပ်ဖြစ်ပါတယ်။
အီသီယိုးပီးယား၊ အီရီထရီးယား၊ ဘော့စနီးယားနဲ့ ဟေတီတို့လို ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး မြှင့်တင်ဆောင်ရွက်မှုတွေ အတွက် ၂၀၀၂ ခုနှစ်မှာ သမ္မတဟောင်း ကာတာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတကာတာအကြောင်း ခုလိုဆိုပါတယ်။
"သူဟာ ထူးခြားတဲ့ စရိုက်လက္ခာဏာတွေရှိသူ၊ ရဲရင့်ပြီး မျှော်လင့်ချက်နဲ့ အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။ ဂရုဏာတရား၊ ကြည်လင်ရှင်းသန့်တဲ့ ကိုယ်ကျင့်တရားတွေနဲ့ သူဟာ ရောဂါဘယတွေ အမြစ်ဖြုတ်တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း၊ ပြည်သူ့အခွင့်အရေးနဲ့ လူ့အခွင့်အရေး တိုးတက်ရေး၊ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်ရေး အားပေးထောက်ကူပြု၊ အိမ်ယာမဲ့တွေ အတွက် အိမ်တွေဆောက်ပေးသလို ကျနော်တို့ထဲက အားအနည်းဆုံးသူတွေ အတွက်လည်း အမြဲတမ်း အကျိုးဆောင်ခဲ့ပါတယ်။ ကမ္ဘာတလွှားက လူအများအပြားရဲ့ အသက်တွေကို ကယ်ဆယ်၊ သူတို့ဘဝတွေကို ပြောင်းလဲ မြှင့်တင်ပေးခဲ့ပါတယ်။"