Accessibility links

Breaking News

မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်(အမေရိကန်အစိုးရအာဘော်)


အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အုပ်ချုပ်ရေးမှူး ဆမ်မန်သာ ပါဝါ 
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အုပ်ချုပ်ရေးမှူး ဆမ်မန်သာ ပါဝါ 

၁၉ ရာစု ပြင်သစ်သံတမန်၊ နိုင်ငံရေးတွေးခေါ်ပညာရှင်နဲ့ သမိုင်းပညာရှင် Alexis de Tocqueville က "သတင်းမီဒီယာဟာ ခေတ်မီလူ့အသိုင်းဝိုင်းကို ကိုယ်ဘယ်လို ထိန်းသိမ်းတယ်ဆိုတာ ပြနေတယ်" လို့ ပြောခဲ့ဖူးတာကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အုပ်ချုပ်ရေးမှူး ဆမ်မန်သာ ပါဝါ (Samantha Power) က မကြာသေးမီက ကိုးကား မှတ်ချက်ပြုခဲ့ပါတယ်။။ “ဒါက မီဒီယာတာဝန်တွေကို အမြင့်ဆုံးထား ဂုဏ်ပြုတာ” လို့ သူက ပြောပြီး သတင်းမီဒီယာတွေဟာ “မရှိမဖြစ်လိုအပ်တယ်” လို့ ဆိုပါတယ်။

ဒါ့ပြင် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့မီဒီယာတွေဟာ မျက်မှောက်ခေတ်မှာ ဖြစ်တည်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး ဒီထဲကတခုကတော့ အာဏာရှင်တွေရဲ့ တိုက်ရိုက်ဖိနှိပ် တိုက်ခိုက်မှုတွေကို ခံနေရတာပါလို့ USAID အကြီးအကဲက ပြောပါတယ်။

“သတင်းအချက်အလက်တွေက ကျမတို့ကို အင်အားဖြစ်စေတဲ့အတွက် အာဏာရှင်တွေက အမှီအခိုကင်းတဲ့မီဒီယာတွေကို ပစ်မှတ်ထားနေကြပါတယ်။ အနှောင့်အယှက်ပေးတဲ့ ကြမ်းပိုးလို့ သူတို့ပြောရုံတင်မကဘူး၊ ဒါဟာ ဖိနှိပ်ချုပ်ချယ်တဲ့အုပ်ချုပ်မှုရဲ့ အင်္ဂါရပ်တခုပါ။ လူတွေက ကျူးကျော်စစ်ပွဲကို ဆန့်ကျင်နေကြသလား၊ အကျင့်ပျက်ခြစားတဲ့ ခေါင်းဆောင်တွေကို ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ အစားထိုးဖို့ လှုံ့ဆော် စည်းရုံးနေသလား၊ ရာသီဥတုဖောက်ပြန်မှုအကြောင်း ဝေဖန်ထောက်ပြနေသလား။ ကျမတို့ရဲ့ရှေ့က စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်း အားလုံး ဘုံ နားလည်လက်ခံတာမျိုးမရှိဘဲ လိုက်လျောညီထွေဖြစ်စေမယ့် စုပေါင်းလုပ်ဆောင်မှုတခုခုကို တကယ်စတင်လို့ မရပါဘူး။”

“သတိပြုစရာကောင်းပေမယ့် လူအများကြားအာရုံစိုက်မှု နည်းကောင်းနည်းနေနိုင်တဲ့အချက် တချက်ကတော့ Freedom House သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ လူ့အခွင့်အရေးနဲ့ ပြည်သူ့လွတ်လပ်ခွင့်ဆိုင်ရာ ကျဆင်းနေတဲ့ အညွှန်းကိန်းတွေအားလုံးထဲမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းလာတာက အများဆုံးပါပဲ” လို့လည်း USAID အုပ်ချုပ်ရေးမှူးက ထောက်ပြပါတယ်။

“ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်း မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်း ၄ မှတ်မှာ ရမှတ် သုည ပဲရှိတဲ့ နိုင်ငံအရေအတွက်က ၁၄ နိုင်ငံကနေ ၃၃ နိုင်ငံအထိ နှစ်ဆကျော် တိုးလာခဲ့ပါတယ်။ ဒါဟာ ၁၇ နှစ်ဆက်တိုက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့် ကျဆင်းနေတာနဲ့လည်း ကိုက်ညီနေပါတယ်။ အဖြစ်အပျက်တွေကိုထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာဆုပ်ကိုင်ထားသူတွေဟာ အမှန်တရားကို ပျောက်ကွယ် တိမ်မြုပ်စေဖို့ မမှန်ကန်တဲ့အချက်အလက်တွေကို ဖြန့်ဝေနေပါတယ်။ သူတို့ဟာ သတင်းထောက်တွေကို ပါးစပ်ပိတ် အသံတိတ်စေဖို့ ဖိနှိပ်နေပါတယ်။”

အမှီအခိုကင်းတဲ့မီဒီယာအတွက် ဒုတိယဖြစ်တည်စိန်ခေါ်မှုက အလျင်အမြန် ဖြစ်ပေါ် ပြောင်းလဲနေတဲ့မီဒီယာလုပ်ငန်းမှာ ဘဏ္ဍာရေးဆိုင်ရာပြဿနာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ “ဒီစိန်ခေါ်မှုနှစ်ရပ်ကို အသိအမှတ်ပြု ဖြေရှင်းနိုင်ရေး ကြိုးစားတဲ့အနေနဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း” ဆမ်မန်သာ ပါဝါ က ပြောပါတယ်။

ဒီလိုလုပ်ရပ်တွေထဲက တခုကတော့ အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအဖြစ် USAID ဟာ Microsoft၊ Internews အပါအဝင် ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး သတင်းမီဒီယာငယ်လေးတွေ ရပ်တည်နိုင်ရေးအတွက် ပိုပြီး လူအများကြား ထိုးဖောက်နိုင်အောင်နဲ့ အကျိုးအမြတ်ဖြစ်ထွန်းစေဖို့ အွန်လိုင်း ဖြန့်ချိထုတ်ဝေတဲ့စနစ် ကူးပြောင်းရေးမှာ ပံ့ပိုးကူညီပေးနေပါတယ်။

တဖက်မှာလည်း အကျင့်ပျက် ဖိနှိပ်ချုပ်ခြယ်တဲ့အာဏာပိုင်တွေဟာ မီဒီယာ ငယ်လေးတွေ၊ ငွေကြေးမတတ်နိုင်တဲ့ လွတ်လပ်တဲ့မီဒီယာတွေရဲ့အလုပ်တွေ ရပ်သွားစေဖို့ရည်ရွယ်ပြီး နှစ်ကာလကြာရှည်တရားရင်ဆိုင်ရတဲ့ တရားစွဲဆိုမှုတွေကို လုပ်ဆောင်နေပါတယ်။

ဒါကို ကာကွယ်နိုင်ဖို့ USAID က Reporters Shield ဆိုပြီး သတင်းသမားတွေ အပေါ် အကာအကွယ်ပေးတဲ့ အများပြည်သူဆိုင်ရာ အာမခံရန်ပုံငွေတရပ်ကို မတည်ပေးထားပါတယ်။ ဒီရန်ပုံငွေက သတင်းထောက်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် နှုတ်ဆိတ်စေဖို့ရည်ရွယ်တဲ့ တရားရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေက အကာကွယ်ပေးပြီး တရားရင်ဆိုင်နေရချိန်၊ တိုက်ခိုက်မှုတွေ ခံနေရချိန်မှာလည်း သတင်းလုပ်ငန်းနဲ့ ထုတ်ဝေမှုတွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။

"ဒါဟာ စိတ်ဝင်စားဖွယ် အကျိုးများတဲ့အချက်လို ထင်မြင်ယူဆသူ‌တွေ၊ ဒီလို ပံ့ပိုးမှုတွေမှာ ပါဝင်လိုသူတွေကိုလည်း ပါဝင်ကူညီဖို့ ကျမ တိုက်တွန်းချင်ပါတယ်” လို့ USAID အကြီးအကဲ ဆမ်မန်သာပါဝါ က တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

XS
SM
MD
LG