Accessibility links

Breaking News

အမေရိကန်ပြည်ထောင်စု သမ္မတများနေ့ ၂၀၂၄ (အမေရိကန်အစိုးရအာဘော်)


တဒေါ်လာတန်အမေရိကန်ငွေစက္ကူပေါ်က သမ္မတကြီး George Washington
တဒေါ်လာတန်အမေရိကန်ငွေစက္ကူပေါ်က သမ္မတကြီး George Washington

ဖေဖော်ဝါရီလရဲ့ တတိယမြောက် တနင်္လာနေ့မှာ အမေရိကန်ပြည်သူလူထုဟာ သမ္မတများနေ့ကို ကျင်းပကြပါတယ်။ မျက်မှောက်ခေတ်မှာတော့ ဒီနေ့ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအားလုံးကို ဂုဏ်ပြုတာဖြစ်ပြီး အထူးသဖြင့် မွေးနေ့အားဖြင့် ၁၀ ရက်သာခြားတဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ဖွား သမ္မတ ဂျော့ခ်ျဝါရှင်တန်နဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ဖွား အေဗရာဟမ်လင်ကွန်းတို့ကို ဂုဏ်ပြုကျင်းပတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကနဦး အခမ်းအနားတွေနဲ့ နောက်ပိုင်း ၁၉၇၁ ခုနှစ်မှာ အားလပ်ရက် အဖြစ် တရားဝင်အသိအမှတ်ပြုချိန်မှာ ဝါရှင်တန်ရဲ့မွေးနေ့နာမည်ကို သမ္မတများနေ့အဖြစ် ပြောင်းလဲတာမျိုးမရှိသလို လင်ကွန်း အမှတ်တရ ကျင်းပတာမျိုးလည်း မရှိခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတ ဂျော့ခ်ျဝါရှင်တန်ကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ နေ့တနေ့အဖြစ်သာ ရှိခဲ့ပါတယ်။

ဂျော့ခ်ျဝါရှင်တန်ဟာ ဗြိတိသျှ အင်ပါယာဆီကနေ လွတ်လပ်ရေးအရယူခဲ့တဲ့ အမေရိကန် တော်လှန်ရေးတိုက်ပွဲဝင်တပ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ သူရဲ့ အမည်နာမဟာ အမေရိကန်သမိုင်းမှာ အလွန့်အလွန်ကို ကျော်ကြား ဩဇာတိက္ကမ ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ကို အထိမ်းအမှတ်ဂုဏ်ပြုကျင်းပခဲ့တဲ့ ပထမဆုံးမှတ်တမ်းကိုတော့ ဖီလာဒဲလ်ဖီးယားမြို့နဲ့ မဝေးလှတဲ့ Valley Forge လို့ခေါ်တဲ့ အမေရိကန်တော်လှန်ရေးတပ်ရဲ့ဆောင်းရာသီအခြေစိုက်စခန်းမှာ ၁၇၇၈ ခုနှစ်က ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက စစ်ဘင်ခရာ တီးခတ်သူတွေဟာ စခန်းရှေ့မှာ ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့ကြတာပါ။"ဂျော့ခ်ျဘုရင်အတွက် အရှက်ရစရာအဖြစ် စတင်ခဲ့တယ်" လို့ နောက်ပိုင်းမှာ ဂျော့ခ်ျဝါရှင်တန်က ဒီ အခမ်းအနားနဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြောခဲ့ဖူးပါတယ်။

ဝါရှင်တန်ကိုယ်နှိုက်ကတော့ ဒီလို ဂုဏ်ပြုပွဲတွေ၊ အခမ်းအနားတွေ ကျင်းပတာမျိုးကို သိပ်ပြီး လိုလားခဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူပုဂ္ဂိုလ်တဦးချင်းကို စုစည်းနိုင်ပြီး နိုင်ငံသစ်ရဲ့ ကောင်းကျိုးအတွက် လက်တွဲလုပ်ဆောင် လှုံ့ဆော်ပေးနိုင်ဖို့ လိုအပ်ချက်ကို သူ ကောင်းကောင်းနားလည်ခဲ့ပါတယ်။

အမေရိကန်လူထုဟာ ဝါရှင်တန်ရဲ့မွေးနေ့ကို သူကွယ်လွန်ခဲ့တဲ့ ၁၇၉၉ ခုရဲ့ နောက်ပိုင်းနှစ်တွေမှာ အလွတ်သဘော စတင်ကျင်းပလာခဲ့ကြပါတယ်။ ၁၈၇၉ ခုနှစ်မှာတော့ ဖေဖော်ဝါရီလဟာ နိုင်ငံတော်အားလပ်ရက် အခါသမယဖြစ်လာပြီး ဖေဖော်ဝါရီလရဲ့ တတိယမြောက်တနင်္လာနေ့ကို တရားဝင်ပြောင်းရွှေ့ ဂုဏ်ပြုကျင်းပတဲ့ဥပဒေကိုတော့ ၁၉၇၁ ခုနှစ်မှာ စတင် အသက်ဝင်ခဲ့ပါတယ်။

ဝါရှင်တန်ဟာ နိုင်ငံရဲ့အမြင့်ဆုံးရာထူးနေရာမှာ သူ့နောက်ပိုင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သမ္မတတိုင်းအတွက် စံနမူနာပြုထိုက်သူ ဖြစ်ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စုဆိုတဲ့ ငယ်ရွယ်နုပျိုတဲ့နိုင်ငံသစ်ကို မွေးဖွားပေးခဲ့ပြီး ဘဏ္ဍာရေးအားဖြင့်လည်း ခိုင်မာတည်ငြိမ်တဲ့ ခြေလှမ်းချပေးနိုင်ခဲ့ပါတယ်။ ကနဦး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားကာ တည်ငြိမ်ပြီး ဒီမိုကရေစီနည်းကျ တရားဥပဒေစိုးမိုးတဲ့ အစိုးရတရပ်ကို လျင်လျင်မြန်မြန်နဲ့ပဲ ဦးဆောင်ပေးခဲ့ပါတယ်။ သမ္မတရာထူးအဖြစ် လေးနှစ်သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်အပြီးမှာလည်း သူ့သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ကာ ရွေးကောက်ခံရတဲ့ ခေါင်းဆောင်သစ်ထံ ငြိမ်းငြိမ်းချမ်းချမ်းပဲ အာဏာလွှဲပြောင်းပေးခဲ့ခြင်းအားဖြင့်လည်း ဂျော့ခ်ျဝါရှင်တန်ဟာ အနာဂတ်သမ္မတအားလုံးအတွက် အရေးကြီးတဲ့ စံနမူနာတရပ်ကို ချမှတ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတများနေ့ ၂၀၂၄
(အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:03:30 0:00

XS
SM
MD
LG