Accessibility links

Breaking News

၂၀၂၂ ကျေးဇူးတော်နေ့


Biden White House Holidays
Biden White House Holidays

နိုဝင်ဘာလရဲ့ စတုတ္ထမြောက် ကြာသပတေးနေ့ကို ကျေးဇူးတော်နေ့ အဖြစ် အမေရိကန်တွေ ဆင်နွှဲကြပါတယ်။ ကမ ္ဘာသစ်မှာ အခြေချကြသူတွေ အစောဆုံး ဆင်နွှဲခဲ့ကြတဲ့ ဒီ အားလပ်ရက်တွေဟာဆိုရင် ဥရောပမှာ သူတို့ သီနှံ ရိတ်သိမ်းချိန် အစဉ်အလာ ကောက်သစ်စားပွဲတော်တွေနဲ့ သိပ်ပြီး မကွာခြားလှပါဘူး။ ဒါပေမဲ့လည်း မြောက်အမေရိကကို ဆောင်းတွင်းမှာ ရောက်ရှိ အခြေချခဲ့ကြတဲ့ နယ်ပယ်သစ်ကို ပြောင်းရွှေ့သူတွေနဲ့ ဘာသာရေး လွတ်လပ်ခွင့် အတွက် ရွှေ့ပြောင်းလာသူတွေဟာ ကြမ်းတမ်းတဲ့ အခြေအနေတွေ အတွက် အဆင်သင့် မဖြစ်ခဲ့ကြပါဘူး။

အဲဒီ ပထမဆုံး နှစ်အတွင်းမှာဘဲ သူတို့ထဲက ထက်ဝက်လောက် သေဆုံးခဲ့ရပါတယ်။ သူတို့ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကြောင့် ပထမဆုံး အကြိမ် ကျေးဇူးတော်နေ့ တည်ခင်းကျွေးမွေးမှုတွေမှာတော့ အထူး ရည်ရွယ်ချက်တွေ ပါခဲ့ပါတယ်။ ဒီကနေ့ အမေရိကန် အများစု ဆင်နွှဲကြတဲ့ ကျေးဇူးတော်နေ့ အားလပ်ရပ်ဟာဆိုရင် ၁၆၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့ ဝန်းကျင် ဒီခေတ် မန်ဆာချူးဆက် ပြည်နယ်ဖြစ်လာတဲ့ ဒေသမှာ ကျင်းပ ဆင်နွှဲခဲ့ကြတာကနေ ဆင်းသက်လာတာလို့လည်း ယုံကြည်ကြပါတယ်။

အဲဒီ ဒဏ္ဏာရီ အရတော့ အင်္ဂလိပ် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၅၃ ဦးတို့ဟာ သူတို့ အိုးအိမ်သစ်မှာ ပထမဆုံး သီးနှံရိတ်သိမ်းမှု အတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ ကောက်သစ်စားပွဲတော် ကျင်းပတာမှာ ဌာနေ အမေရိကန် တိုင်းရင်းသား အမျိုးသား ၉၀ လောက် ပါဝင်ခဲ့ကြတာပါ။ သူတို့ အတွက် ကျေးဇူးတင်စရာတွေလည်း အများအပြား ရှိပါတယ်။ ဒီမတိုင်ခင် အရင်တနှစ် ၁၆၂၀ ပြည့်နှစ် နိုဝင်ဘာ လလယ်ပိုင်းမှာ မေဖလားဝါး သဘောၤနဲ့ မြောက်အမေရိက ကမ်းခြေကို ဆိုက်ရောက်လာခဲ့တဲ့ နယ်မြေသစ်ကို အခြေချသူ ၁၀၂ ဦးနဲ့ သဘောၤသား ၃၀ ပါ အဖွဲ့ထဲက လူတွေလည်း ဖြစ်ပါတယ်။
ဘာသာရေး ဂိုဏ်းခွဲ တခုဖြစ်တဲ့ ပျူရီတန်တွေက သူတို့ရဲ့ ဘာသာရေး အလုပ်တွေ လုပ်နိုင်မယ့် ကိုက်ညီမယ့် ဒေသ တခုမှာ အိုးအိမ်သစ် ထူထောင်ဖို့ ရှာဖွေ ခဲ့ကြတာပါ။ ပထမဆုံး ကျေးဇူးတော်နေ့ ဆင်နွှဲချိန်မှာတော့ သူတို့ထဲက ထက်ဝက်လောက်ဟာ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယနဲ့ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကြောင့် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

နယ်မြေသစ်ကို အခြေချသူတွေ အတွက်တော့ ကံကောင်းထောက်မစွာဘဲ သူတို့ဒေသ အနီးက Wampanoag ဒေသခံတွေက သူတို့ကို ညှာတာ ထောက်ထားခဲ့ကြပါတယ်။ နယ်မြေသစ်ကို အခြေချလာသူတွေကို သူတို့က အစားအသောက်တွေ ပေးကမ်းခဲ့ကြပြီး သဘာဝက ပေးအပ်ထားတဲ့ အားသာချက်တွေကို ဘယ်လို အသုံးချရမလဲ ဆိုတာကိုလည်း ပျူရီတန်တွေကို သင်ကြားပေးခဲ့ကြပါတယ်။ ပထမဆုံးသော ပွဲတော်ဟာဆိုရင် နယ်မြေသစ်ကို အခြေချသူတွေက သူတို့ အသက်ရှင် ရပ်တည်မှု အတွက် ကျေးဇူးတင်ကြောင်း ပြသမှု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်တုန်းက ဘာသာရေး လွတ်လပ်ခွင့် အတွက် ပြောင်းရွှေ့လာသူတွေဟာ ပထမဆုံး သီးနှံ ရိတ်သိမ်းမှု အပြီး Wampanoag တို့ရဲ့ ရက်ရောမှုနဲ့ ကူညီပံ့ပိုးမှုကို ကျေးဇူးတင် ဆင်နွှဲနိုင်ခဲ့ကြပါတယ်။ ဒီကနေ့ ဒီအချိန်မှာလည်း ကျနော်တို့ အနေနဲ့ ပြီးခဲ့တဲ့နှစ် အခက်အခဲတွေကြား ကူညီခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြသနိုင်ကြပါတယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။ ကျေးဇူးတော်နေ့ဟာဆိုရင် ဘုရားသခင်ထံက၊ ဒီ နိုင်ငံတော်ထံက နဲ့ တဦးနဲ့ တဦးကြား ကောင်းကျိုးချမ်းသာ အများအပြားကို ပြန်လည် အောက်မေ့ ဆင်ချင်နိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် စိန်ခေါ် အကဲစမ်းချက်တွေ ရှိနေချိန်မှာ ဒီကောင်းကျိုးချမ်းသာတွေ အတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်လို့လည်း သမ္မတ Joe Biden က ပြောပါတယ်။

XS
SM
MD
LG