Accessibility links

Breaking News

လူသားတိုင်း ဘာသာရေးလွတ်လပ်ခွင့် ကန်အလေးထား ဆောင်ရွက်မည်


Antony Blinken
Antony Blinken

နေရာတိုင်းက ပြည်သူတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်လုပ်ဆောင်သွားဖို့ အမေရိကန်က အလေးအနက် သန္ဒိဌာန်ချထားကြောင်း ဇွန်လမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ IRF မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

“လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ လူ့အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ပြည်သူတိုင်း ကိုယ်ကိုးကွယ်လိုရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပြီး သူ့အသိုင်းအဝိုင်းအကျိုးကို သယ်ပိုးနိုင်ရင် ပိုဘေးကင်းလုံခြုံတည်ငြိမ်တဲ့ ကမ္ဘာကြီး ဖြစ်လာမှာပါ။”

အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာဌာနကနေတဆင့် ပြည်ပနိုင်ငံတွေက ဘာသာရေးလွတ်လပ်ခွင့်အရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နိုင်ငံခြားအစိုးရတွေ၊ ဘာသာရေးလူနည်းစုအဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှုနဲ့ အားလုံးပါဝင်ဆောင်ရွက်နိုင်မှုအရေးကိစ္စတွေကို အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Rashad Hussain က လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အဖွဲ့ဝင်တွေက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မတ်လတုန်းက ၀န်ကြီး Blinken က သတ်မှတ်ခဲ့ပါတယ်။ တိုင်းရင်းသားနဲ့ ဘာသာရေးလူနည်းစုအဖွဲ့တွေအပေါ်မှာလည်း ကျူးလွန်မှုတွေ ရှိကြောင်း သူက မှတ်သားထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကနေတဆင့်လည်း ဖြစ်စဉ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်သားထားပါတယ်။ ဂျူးမုန်းတီးရေးဝါဒ၊ မွတ်ဆလင်မုန်းတီးရေးဝါဒ၊ ဘာသာရေးလူနည်းစုအဖွဲ့ဝင်တွေနဲ့ ဘာသာမဲ့တွေအပေါ် တိုက်ခိုက်တာ၊ စတာတွေတိုးလာကြောင်း ဒီနှစ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ခြိမ်းခြေက်မှု၊ တိုက်ခိုက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ဖြစ်တိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြပြောဆိုသွားမှာဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်ရဖို့ အရပ်သားအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ၀န်ကြီး Blinken က အလေးပေး ပြောဆိုခဲ့ပါတယ်။

“အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ မဖြစ်မနေ လက်တွဲလုပ်ဆောင်မှ ဖြစ်မှာပါ။ ဖိနှိပ်မှုတွေ ခံစားနေရသူတွေအကြောင်း အများသိစေဖို့ သူတို့က မြှင့်တင်ပေးပါတယ်။ မြေပြင်မှာ အမှန်တကယ် ဖြစ်နေတဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအကြောင်း ကျနော်တို့ နားလည်လာစေပြီး ဒုက္ခရောက်နေသူတွေ ဖွင့်ဟ ပြောခွင့်ရဖို့ လုပ်ပေးသလို ထောက်ပံ့မှု၊ ခိုလှုံရာလည်း ပေးပါတယ်။”

IRF ညီလာခံကို တက်ရောက်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အချင်းချင်းရော၊ အမေရိကန်ပြည်ထောင်စုနဲ့ပါ ဆက်လက်လက်တွဲလုပ်ကိုင်ပြီး ဘာသာရေးလွတ်လပ်ခွင့်ကို မြှင့်တင်ဖို့ကိုလည်း ၀န်ကြီး Blinken က တိုက်တွန်းသွားပါတယ်။ ဖိနှိပ်မှုတွေနဲ့အတူ တိုးတက်မှုတွေကိုလည်း မှတ်သားထားဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးနေတဲ့ အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေလည်း ဆက်လက်လုပ်ကိုင်သွားဖို့ တွန်းအားပေးဖို့ကိုလည်း ပြောဆိုသွားပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ကိုင်ခြင်းအားဖြင့် ကျနော်တို့ လူ့အသိုင်းအဝိုင်းရော နိုင်ငံပါ ပိုမိုကောင်းမွန်လာမှာ ဖြစ်ကြောင်း ၀န်ကြီး Blinken က ပြောသွားပါတယ်။

XS
SM
MD
LG