Accessibility links

Breaking News

ဒီမိုကရေစီ မြှင့်တင်ရေး USAID မူဝါဒသစ်ချမှတ် (အမေရိကန် အစိုးရ အာဘော်)


USAID အုပ်ချုပ်ရေးမှူး Samantha Power
USAID အုပ်ချုပ်ရေးမှူး Samantha Power

ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ဒီမိုကရေစီ နောက်ပြန်ဆုတ်ယုတ်နေချိန်မှာ ကမ္ဘာတဝန်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အသစ် တဖန် ပြန်လည်အခြေခိုင် ထူထောင်နိုင်ရေး ဘယ်လို အကောင်းဆုံး မြှင့်တင်မလဲဆိုတဲ့ မူဝါဒသစ်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) က မကြာသေးမီက ကြေညာလိုက်ပါတယ်။

အဲဒီမူဝါဒ အသစ်အကြောင်းကို USAID ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အုပ်ချုပ်မှုဗျူရို လက်ထောက်စီမံခန့်ခွဲရေးမှူး ရှယ်နွန်ဂရင်း (Shannon Green) က အခုလို ရှင်းပြပါတယ်။

“ဒီမူဝါဒသစ်က ဒီမိုကရေစီ၊ အခွင့်အရေး ရပိုင်ခွင့်နဲ့ အုပ်ချုပ်မှုစနစ်အပေါ် ခြိမ်းခြောက်နေမှုတွေကို ဖြေရှင်းနိုင်မယ့် အသေးစိတ် လမ်းပြမြေပုံ ပါဝင်ပါတယ်။ ဒီမိုကရေစီ ပြန်လည်ရှင်သန်နိုင်ရေးအတွက် အလွန်အရေးကြီးလှတဲ့ အဖွဲ့အစည်းတွနဲ့ လှုပ်ရှားသူတွေ အပေါ် နှစ်ဆတိုး ပံ့ပိုးနိင်ဖို့ ဖြစ်ပါတယ်။"

USAID အုပ်ချုပ်ရေးမှူး ဆမန်သာ ပါဝါ (Samantha Power) ကလည်း မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ မူဝါဒကြေညာချက်ထဲမှာ ဒီမိုကရေစီစနစ် ကျဆင်းလာနေတာကို ထောက်ပြခဲ့ပါတယ်။

“လူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို ပုံဖော်ဖို့ အခြေခံတွန်းအားရှိဖို့လိုတယ်လို့ ကျမကတော့ မြင်ပါတယ်။ ဒါပေမယ့် အကျင့်ပျက်မှု ဒါမှမဟုတ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ပြီး ဂုဏ်သိက္ခာရှိရှိ လျှောက် လှမ်းနိုင်ခွင့်အတွက် မိမိဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိရမှာဖြစ်ပြီး ဒါဟာ လူတိုင်း လိုချင်တောင့်တတဲ့ အရာဖြစ်ပါတယ်။ ပြီးတော့ ပိုပြီးအရေးကြီးတာက နောက်လာမယ့်မျိုးဆက်အတွက် ဒီလိုမျိုး လုပ်နိုင်ဖို့ လိုပါတယ်။ ဒါဟာ တကယ့်ကို အင်အားကြီးမားတဲ့ တွန်းအားတွေ ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အင်အားစုတွေရဲ့ ထပ်ခါတလဲလဲ ကြိုးစားနေကြတဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။”

DRG မူဝါဒလို့ခေါ်တဲ့ ဒီမိုကရေစီ၊ ရပိုင်ခွင့်နဲ့ အုပ်ချုပ်မှုစနစ်သစ် မူဝါဒဟာ ကမ္ဘာတဝန်းက ရှေ့တန်း ဒီမိုကရေစီ ခုခံကာကွယ်သူတွေအတွက် လက်ရှိလုပ်ဆောင်နေတဲ့ USAID ရဲ့ ပံ့ပိုးကူညီမှုတွေကို ခေတ်မီ ဆန်းသစ်လာစေမှာဖြစ်ကြောင်းလည်း အုပ်ချုပ်ရေးမှူး ပါဝါ က ပြောပါတယ်။ ဒီထဲမှာ ဒစ်ဂျစ်တယ်နည်းနဲ့ ဖိနှိပ်မှုတွေ မြင့်တက်လာနေတာကို တန်ပြန်နိုင်ဖို့ ကြိုးပမ်းချက်တွေလည်း ပါဝင်ပါတယ်။

“နည်းပညာတွေအသုံးပြုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် မဟာဗျူဟာတွေနဲ့ စံနှုန်းတွေ ဖြစ်ထွန်း တိုးတက်လာစေဖို့ရာ ကျမတို့ဟာ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ ဥပဒေပြုလွှတ်တော်အမတ်တွေ၊ တခြား ကြီးကြပ်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေပါတယ်။ ရွေးကောက်ခံ ခေါင်းဆောင်တွေ နည်းပညာကိုအသုံးချပြီး လူတဦးချင်းစီရဲ့ ကိုယ်ရေး အချက်အလက်တွေကို အသုံးပြုပုံနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ပိုရှိလာစေဖို့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကျမတို့ ပံ့ပိုးပေးနေပါတယ်။"

DRG မူဝါဒသစ်ရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍတခုကတော့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားတဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ် ဖြစ်ပေါ်စေမယ့် အစပျိုးမှုတွေကို ဖန်တီးဖို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး ပါဝါက ပြောပါတယ်။

“ ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်ရှိမှုနဲ့ တာဝန်ခံမှုရှိတဲ့ ယဉ်ကျေးမှုတရပ် တည်ဆောက်နိုင်မှသာ ကျမတို့ရဲ့ စနစ်အဖွဲ့အစည်းတွေအားကောင်းလာပြီး အလိုရှိတဲ့ ရေရှည်အကျိုးသက်ရောက်မှုကို ရရှိမှာ ဖြစ်ပါတယ်။ တရားသူကြီးတွေက ဘက်မလိုက်ဘဲ တရားမျှတမှုရှိမှသာ တရားစီရင်ရေးစနစ်က တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ အစိုးရတာဝန်ယူထားသူတွေဟာ စစ်မှန်တဲ့ယှဉ်ပြိုင်မှုကိုခွင့်ပြုပြီး ပြည်သူတွေရဲ့ ဆန္ဒကိုလက်ခံမှသာ ရွေးကောက်ပွဲတွေဟာ အမှန်တကယ် လွတ်လပ်တရားမျှတမှာ ဖြစ်ပါတယ်။”

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တဖန် ပြန်လည် အားကောင်းလာစေရေး အဆုံးစွန်သော ရည်မှန်းချက်နဲ့ ငြိမ်းချမ်းပြီး အချက်အလက် ဖြစ်ရပ်မှန် အခြေပြု လုပ်ဆောင်ချက်တွေကို မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG