ပဋိပက္ခအများစုကို ပိုပြီး အဆင်ပြေအောင်ကိုင်တွယ်နိုင်တဲ့ အားသာချက်တချို့ ဒေသခံအဖွဲ့အစည်းတွေမှာ ရှိတယ်ဆိုတာကို ဌာနသက်တမ်း နှစ်ပေါင်း ၆၀ ကျော်ထဲကို ဝင်ရောက်လာပြီဖြစ်တဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီUSAID က တွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ဦးဆောင်မယ့် လူသားချင်းစာနာထောက်ကူမှု မူဝါဒအသစ်ကို USAID က စတင်လိုက်ပါတယ်။ ဒီမူဝါဒမှာ ရည်မှန်းချက် အများအပြားရှိပါတယ်။ဒါပေမဲ့ အမှန်တကယ်ကတော့ လူသားချင်း စာနာထောက်ကူမှုမှာ ဒေသဆိုင်ရာ မိတ်ဖက်တွေကို တိုက်ရိုက် ရန်ပုံငွေတိုးမြှင့်ချထားပေးရေး၊ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းရည် ခိုင်မာအားကောင်းရေး၊ သူတို့ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုတည်ဆောက်ရေးတို့အတွက် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်လို့ USAID ရဲ့ လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ ယာယီ ဒုလက်ထောက် စီမံခန့်ခွဲရေးမှူး Danielle Mutone-Smith က ပြောပါတယ်။
“လူသားချင်း စာနာကူညီဖို့ လိုအပ်နေသူ အရေအတွက် တိုးလာနေတာဟာ သမိုင်းဝင် အရေအတွက် ဖြစ်ပြီး ဒေသခံလူသားချင်း စာနာကူညီတဲ့ အဖွဲ့အစည်းတွေကို အဓိကထား ချဉ်းကပ် ဆောင်ရွက်နေပါတယ်။ သိပ်ပြီး အရေးကြီးတဲ့အချိန်မှာ သူတို့ကို ဗဟိုပြုပြီး ကျမတို့ တုံ့ပြန်ဆောင်ရွက်နေပါတယ်။”
USAID ရဲ့ လူသားချင်း စာနာထောက်ကူမှုလုပ်ငန်းတွေမှာ ဒေသဆိုင်ရာ လူမှုအသိုင်းအဝိုင်းကို ဗဟိုပြုဆောင်ရွက်ရတဲ့ကောင်းမွန်တဲ့ အကြောင်းပြချက် အများအပြားရှိတယ်လို့လည်း Danielle Mutone-Smith က ပြောပါတယ်။ ဒီလို မိတ်ဖက်ဖြစ်တည်မှုကို အလွှာတိုင်းမှာ ပိုပြီး ကောင်းအောင် တည်ဆောက်နိုင်ဖို့ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
“ဒေသအဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေဟာ ပဋိပက္ခနဲ့ အပတ်သက်ဆုံးဖြစ်ပြီး ဒါကြောင့်လည်းကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ များသောအားဖြင့် အရေးပေါ် အခြေအနေကို အရင်ဆုံး တုံ့ပြန်ကိုင်တွယ်သူတွေဖြစ်ကြပါတယ်။ ထိခိုက်သက်ရောက်ရတဲ့ လူမှု အသိုင်းအဝိုင်းနဲ့ မိတ်ဖက်ဖြစ်တဲ့ ဆက်နွယ်ပတ်သက်မှု ရှိကြပြီး မြေပြင်အခြေအနေတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နိုင်ကြတာဟာဆိုရင် ကျမတို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှု အတွက် အရေးပါလှပါတယ်။ ဒါကြောင့်လည်း လူသားချင်း စာနာကူညီမှုအရေး ရှေ့တန်းမှာရှိနေကြပြီးဖြစ်တဲ့ ဒေသ ဆိုင်ရာနဲ့ အမျိုးသားအဆင့် အဖွဲ့အစည်းတွေအနေနဲ့ ကျမတို့ရဲ့ ဆောင်ရွက်ချက်တွေမှာ သူတို့ရဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့ ခေါင်းဆောင်မှုတွေကို ဆောင်ကျဉ်းလာနိုင်ဖို့ ကျမတို့ မျှော်လင့်ထားပါတယ်။”
ကွဲပြားခြားနားတဲ့အသိုင်းအဝိုင်း အခြေအနေမျိုးစုံမှာ ကျမတို့ အလုပ်လုပ်နေကြတာကြောင့် အခြေအနေအလိုက်အောင်မြင်မှုကတော့ ကွဲပြား ခြားနားမှု ရှိကောင်း ရှိနိုင်တယ်လို့လည်း Danielle Mutone-Smith က ပြောပါတယ်။ သွားရမယ့်ခရီးရှည်ပေမဲ့ ဒီခရီးကို ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ရှေ့လာမယ့်နှစ်များစွာအတွင်း ကျမတို့ရဲ့ လူသားချင်း စာနာကူညီမှု တုံ့ပြန်ဆောင်ရွက်ရေးမှာ ဒေသဆိုင်ရာ ခေါင်းဆောင်မှု ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖြစ်လာစေရေး အတွက်လည်း မျှော်မှန်းထားပါတယ်။
Your browser doesn’t support HTML5