Accessibility links

Breaking News



Blinken Religious Freedom
Blinken Religious Freedom

[[ UNICODE ]]

၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အစီရင်ခံစာကို မကြာခင်က ထုတ်ပြန်ပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားမှုဟာ အခြေခံ အခွင့်အရေး သာမက နိုင်ငံခြားရေး မူဝါဒရဲ့အရေးပါတဲ့ ဦးစားပေး အချက်လည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အဖွင့်မှာ ပြောဆိုထားပါတယ်။ ဘာသာရေးလွပ်လပ်ခွင့်တိုးတက်လာမှု သာဓက အများအပြားကိုလည်း ဝန်ကြီး Blinken က အလေးထား ပြောဆိုပါတယ်။

မော်ရိုကိုမှာ ဂျူးတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ် နေရာတွေကို ပြန်လည် ပြုပြင်ထိမ်းသိမ်းရေးနဲ့ ကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ ဂျူး သမိုင်းကို ထည့်သွင်းရေး ဆောင်ရွက်ချက်တွေကို သူက မှတ်ချက်ပေး ပြောဆိုပါတယ်။ ထိုင်ဝမ်မှာတော့ ဘာသာရေး ဝတ်ပြုပွဲတွေ တက်ရောက်ရေး အလုပ်သမားတွေကို အပတ်စဉ် ပိတ်ရက်ပေးဖို့ ငြင်းဆိုတဲ့ အလုပ်ရှင်တွေကို အခုဆိုရင် အလွယ်တကူ တိုင်ကြားနိုင်တာကိုလည်း သူက ပြောဆိုခဲ့ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ပြသနာတွေ ဆက်ရှိနေပြီး ဒီထက်ပိုပြီး ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ နေရာတွေကိုလည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အများစု မူဆလင် ရိုဟင်ဂျာတွေ အပေါ်မှာ လူသားထု အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လ အတွင်းမှာဘဲ ဝန်ကြီး Blinken က ပြောဆိုထားပါတယ်။ Eritrea နိုင်ငံမှာတော့ ဘာသာရေး အဖွဲ့အစည်း ၄ ခုကိုဘဲ လွတ်လပ်စွာ ဝတ်ပြု ကိုးကွယ်ခွင့် ပြုထားတယ်လို့လည်း သူက ပြောပါတယ်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံဟာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထု အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အများစု မူဆလင် ဝီဂါတွေနဲ့ တခြားသော တိုင်းရင်း မျိုးနွယ်စုဝင်တွေ၊ ဘာသာရေးအရ လူနည်းစု ဖြစ်ရသူတွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ ဆက်လုပ်နေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

“၂၀၁၇ ခုနှစ် ဧပြီလ ကတည်းက ၁ သန်းကျော်သော ဝီဂါတွေ၊ Kazakhs၊ Kyrgyz လူမျိုးတွေနဲ့ အခြားသူတွေကို Xinjiang က ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားပါတယ်။ တရုတ် ကွန်မြူနစ်ပါတီရဲ့ မူဝါဒတွေနဲ့ မကိုက်ညီဘူးလို့ ယူဆတဲ့ တခြားသော ဘာသာရေး ကိုးကွယ်ယုံကြည်သူတွေကို တရုတ် အစိုးရက ဆက်လက် ဒုက္ခပေး နှောင့်ယှက်နေပါတယ်။ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ တအို (Tao)ဘာသာဝင်တို့ရဲ့ ဝတ်ပြု ကိုးကွယ်ရာနေရာတွေကို ဖျက်စီးမှု၊ ခရစ်ယာန်၊ မူစလင်၊ တိဘက်ဗုဒ္ဒဘာသာဝင်တွေနဲ့ Falun Gong ကျင့်ကြံသူတွေကို အိုးအိမ်နဲ့ အလုပ်အကိုင် ရရှိရေးတွေမှာပါ ခက်ခဲအောင် လုပ်ဆောင်တာတွေလည်း ပါဝင်ပါတယ်။ ”

အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်၊ လူမှု အသိုင်းအဝိုင်းမှာ ပါဝင်ခွင့်တို့လို အခြေခံ အခွင့်အရေးတွေကို နှိပ်ကွပ်လာနေတဲ့ တာလီဘန် လက်အောက်မှာ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေ အလျင်အမြန် ဆုတ်ယုတ် ကျဆင်းလာနေတဲ့ အာဖဂန်နစ္စတန် အကြောင်ကိုလည်း ဝန်ကြီး Blinken က ပြောပါတယ်။

ကမ ္ဘာတလွှားက လူမှု အသိုင်းအဝိုင်းတွေ အတွင်းမှာ ဘာသာရေး အရ လူနည်းစု ဖြစ်ရသူတွေရဲ့ အခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရတယ်ဆိုပြီးလည်း ဝန်ကြီး Blinken က နိဂုံးချုပ် မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

အိန္ဒိယမှာ လူထုနဲ့ ဝတ်ပြုကိုးကွယ်ရာ နေရာတွေ အပေါ် တိုက်ခိုက်မှု တိုးလာနေပါတယ်။ ဗီယက်နမ်မှာ တရားဝင် မှတ်ပုံတင်မထားတဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေက လူတွေကို အာဏာပိုင်တို့ ထိပါးနှောင့်ယှက်မှု၊ နိုင်ဂျီရီးယား နိုင်ငံမှာတော့ ကိုယ်ပိုင် ယုံကြည်ချက်ကို ထုတ်ဖော်ကြသူတွေကို ပြစ်ဒဏ်ခတ်ရေး အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေက သရေဖျက်မှု တားဆီးရေးနဲ့ ဘာသာရေးကို ထိပါးစော်ကားမှု ဆိုင်ရာ ဥပဒေတွေကို အသုံးပြုနေကြပါတယ်။

ကမ ္ဘာတလွှား ဘာသာရေး လွတ်လပ်ခွင့် အတွက် အမေရိကန် ပြည်ထောင်စုက ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်၊ တခြားသော အစိုးရတွေ၊ နိုင်ငံစုံ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အတူ ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီး Blinken က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG