Accessibility links

Breaking News

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အမေရိကန်ရှုတ်ချ


MYANMAR-POLITICS/OFFICE
MYANMAR-POLITICS/OFFICE

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အမေရိကန်ရှုတ်ချ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက်မှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ဂယက်ထဲ ကျရောက်ခဲ့ရပါတယ်။ စစ်တပ်ဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွဲ နှိမ်နင်းခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့၊ ရှင်းထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အမြောက်အမြား နိုင်ငံအနှံ့ ပေါ်ပေါက်လာပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာပဲ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ဟာ အချက်ငါးချက် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်တွေက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ အစုအဖွဲ့အသီးသီးကြား တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ခွင့်ပြုရေး၊ အာဆီယံအထူးသံတမန်တဦးခန့်အပ်ခြင်းနဲ့ အဲဒီ အထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဥ် အစုအဖွဲ့ အားလုံးနဲ့ တွေ့ဆုံ ခွင့်ပြုဖို့တွေ ပါဝင်ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးကိုတော့ မတည်ဆောက်နိုင်ခဲ့ပါဘူး။ ကမ္ဘာတဝန်းက လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ အကျိုးအမြတ်မဲ့ အဖွဲ့တခုဖြစ်တဲ့ Action on Armed Violence ရဲ့ မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်ထဲမှာ မြန်မာစစ်တပ်ဟာ နိုင်ငံအတွင်း တိုက်ခိုက်မှုပေါင်း ၄၃၆ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၂,၀၀၀ ကျော် သတ်ဖြတ်ခဲ့ပါတယ်။

အခု နှစ်သစ်ကိုလည်း အလားတူ သတ်ဖြတ်မှုတွေနဲ့ စတင်ခဲ့ပါတယ်။ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အနီးက ကနန်စံပြကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ခရစ်ယာန် ဘုရားကျောင်းနဲ့ စာသင်ကျောင်း အနီး ဗုံးတွေ ထိမှန်ခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ ကလေး၉ ဦး အပါအဝင် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး လူ ၂၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။

“ဇန်နဝါရီ ၇ ရက် ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း” ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က လည်း စာရေးသား ထုတ်ပြန်ခဲ့ပါတယ်။

“အကြမ်းဖက်မှုကို ပုံစံမျိုးစုံနဲ့ ကျူးလွန်နေတာ အားလုံးကိုရပ်တန့်ဖို့၊မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ အဟန့်အတားမရှိ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားချက်ကို လေးစားလိုက်နာဖို့ မြန်မာ အာဏာသိမ်း စစ်တပ်ကို ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးခြင်းအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို စစ်အစိုးရအနေနဲ့ လေးစားလိုက်နာရပါမယ်။” လို့ သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီလ်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ စနစ်ကို မြှင့်တင်နိုင်ဖို့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှုတွေကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ထောက်ခံ အားပေးသွားမယ်” လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ “စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြတ်ချခဲ့တာ သုံးနှစ်နီးပါးကြာတဲ့ အချိန်မှာ မြန်မာပြည်သူတွေဟာ ကျွန်မတို့အားလုံးရဲ့ ပံ့ပိုး ထောက်ခံ အားပေး ကူညီမှုတွေကို ငံ့လင်နေကြပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာ့အရေကို ပိုမို မြှင့်တင်ဦ ထုတ်ဖော် တောင်းဆိုဖို့တွေ လိုနေပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီးလ်က ပြောပါတယ်။

XS
SM
MD
LG