ကမ္ဘာ့အနောက်ဘက်ခြမ်းဒေသမှာရှိတဲ့ တိုင်းပြည်တွေက ခေါင်းဆောင်တွေ မကြာသေးခင်က အမေရိကန်ပြည်ထောင်စု၊ Los Angeles မြို့မှာ တွေ့ဆုံပြီး ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ပြုပြင် ပြောင်းလဲမှုလုပ်ဆောင်တဲ့ အစီအစဉ်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီ အစီအစဉ်ကိုတော့ ရွှေ့ပြောင်းနေထိုင်မှုနဲ့ အကာကွယ်ပေးရေးဆိုင်ရာ Los Angeles ကြေညာစာတမ်းလို့ အမည်ပေးထားပါတယ်။
နိုင်ငံပေါင်း ၂၀ တက်ရောက်တဲ့ ဒီ အမေရိကတိုက်နိုင်ငံများ ထိပ်သီးစည်းဝေးပွဲကနေ ဒေသအတွင်း မကြုံဘူးတဲ့နှုန်းနဲ့ များပြားနေတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအရေး အားလုံးက ဝိုင်းဝန်း တာဝန်ခွဲဝေယူပြီး ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြပါတယ်။
Los Angeles ကြေညာစာတမ်းဟာ အချက် (၄) ချက်အပေါ်မှာ အခြေခံထားတာဖြစ်ကြောင်း သမ္မတ Joe Biden က ပြောပါတယ်။ ပထမအချက်ကတော့ - တည်ငြိမ်မှုနဲ့ ကူညီပေးရေးဖြစ်ပြီး အဲဒီအထဲမှာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းအနေနဲ့ ကူညီ ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေရှိနေစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ဖို့နေရာနဲ့ အလုပ်အကိုင်အခွင့်အလန်းဆိုင်ရာ ပညာပေးလုပ်ငန်းတို့ ပါဝင်ပါတယ်။
ဒုတိယအချက်ကတော့ - ဒေသတွင်း ဒုက္ခသည်တွေကို ကာကွယ်ပေးတဲ့ တချိန်ထဲမှာဘဲ ရွှေ့ပြောင်း နေထိုင်သူတွေ တရားဝင် နေထိုင်ခွင့် ရလာစေမယ့် လမ်းကြောင်း ဖွင့်ပေးထားရေး ဖြစ်ပါတယ်။ တတိယအချက်တော့ လူသားဆန်ပြီး ချိန်ဆက်မှုရှိတဲ့ စံနစ်ကို ဖန်တီးပေးရေး ဖြစ်ပါတယ်။ စတုတ္ထနဲ့ နောက်ဆုံးအချက်ကတော့ အရေးပေါ်အခြေအနေတွေကို အားလုံးကို အတူတကွ လက်တွဲ တုန့်ပြန်ရေးဖြစ်တယ်လို့ ဆိုပါတယ်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်းဟာ ဥပဒေနဲ့ မညီညွတ်တဲ့အပြင် အန္တရာယ်လည်း များတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ နယ်စပ်ဒေသ လုံခြုံပြီး လူထုကို အထောက်အကူပြုစေမယ့် ပုံစံမျိုး ဖြစ်သင့်ပါတယ်။ Los Angeles ကြေညာစာတမ်းက ခိုကိုးရာမဲ့နေတဲ့ ရွှေ့ပြောင်း အနေထိုင်သူတွေနဲ့ သူတို့ကို လက်ခံပေးမယ့် နိုင်ငံတွေ လိုအပ်နေတယ်ဆိုတဲ့ အခြေခံမူဘောင်ကို ချမှတ်ပေးထားပါတယ်။
ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်း နေထိုင်မှုကို လျော့ချပြီး တရားဝင် ရွှေ့ပြောင်းနေထိုင်ပြီး အလုပ်လုပ်မယ့်သူတွေ ပိုပြီးလာနိုင်အောင် လုပ်ပေးတဲ့တချိန်ထဲမှာဘဲ လုပ်အားလိုအပ်နေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ရေးအတွက် ယာယီ အလုပ်လုပ်ခွင့် အစီအစဉ်ကို တိုးချဲ့ပေးရေးလဲ ပါဝင်ပါတယ်။
ဒါ့အပြင် ဒီကြေညာချက်ကို လက်မှတ်ထိုးကြတဲ့ နိုင်ငံတွေအနေနဲ့ လက်ရှိမှာ ဒုက္ခသည်တွေနဲ့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်း နေထိုင်သူတွေ အများအပြားကို လက်ခံပေးထားရတဲ့ ကိုလံဘီယာနဲ့ Costa Rica နိုင်ငံတွေကို ထောက်ပံ့ပေးရေး၊ ဒုက္ခရောက်နေသူတွေကို ပစ်မှတ်ထားပြီး လူမှောင်ခိုကူးနေတဲ့ ကွန်ယက်တွေကို အမြစ်ပြတ် တိုက်ထိုက်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။ ရွှေ့ပြောင်း အခြေချ နေထိုင်လိုသူတွေအပေါ် အမြတ်ကြီးစားပြီး အကျိုးအမြတ် ရယူနေသူတွေကို တိုက်ဖျက်သွားမယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
ဒေသတွင်းက လုပ်ဖော်ကိုင်ဘက်နိုင်ငံတွေ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူတွေကို ပိုပြီး ကြိုဆိုနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ ထပ်ဆောင်း အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီအဖြစ် ဒီလူတွေကို လက်ခံပေးထားတဲ့ တိုင်းပြည်တွေနဲ့ လူမှု အသိုင်းဝိုင်းတွေအတွက် ကမ္ဘာ့ဘဏ်ကတဆင့် ဒေါ်လာ သန်း ၃၀၀ အပြင် နောက်ထပ် သန်းနဲ့ချီတဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။
“ဒါဟာ အစဘဲ ရှိပါသေးတယ်၊ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်” လို့ Los Angeles ကြေညာချက်နဲ့ပတ်သက်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ ဒီကြေညာချက်ဟာ ဒေသအတွက် သမိုင်းဝင် အမြင်သစ်တွေ ပါဝင်တာကြောင့် တခြားနိုင်ငံတွေလည်း ဒီ ကြေညာစာတမ်းမှာ ပူးပေါင်း ပါဝင်လာကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။