Accessibility links

Breaking News

ငြိမ်းချမ်းမှု စိုးမိုးတည်မြဲရေး (အမေရိကန်အစိုးရအာဘော်)


Italy UN Food Aid
Italy UN Food Aid


ငြိမ်းချမ်းရေးတည်မြဲဖို့ရာက ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အသီးအပွင့်တွေကို ညီတူညီမျှ မျှဝေခံစားနိုင်ဖို့လိုပါတယ်။ အမှန်တကယ် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ၊ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ၊ အစိုးရအပေါ် ယုံကြည်ကိုးစားမှုနဲ့ အကြမ်းဖက်မှုတွေကို လက်သင့်မခံတဲ့ နည်းလမ်းအားဖြင့် အဆုံးသတ်နိုင်ရေးအပါအဝင် ကိစ္စအကြောင်းအရာအများအပြားမှာ သမမျှတ သဟဇာတဖြစ်စေဖို့ လိုပါတယ်။

“နိုင်ငံတနိုင်ငံမှာရှိတဲ့ လူတွေအားလုံးဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးကျေးဇူးတွေကို ညီတူညီမျှ မခံစားနိုင်ကြတဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့အခြေခံလူ့အခွင့်အရေးကို မကျင့်သုံးနိုင်တဲ့အခါ အကြမ်းဖက်ပဋိပက္ခဖြစ်နိုင်ခြေ တိုးလာပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် Linda Thomas-Greenfield က ပြောပါတယ်။ “ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း အရေးယူဆောင်ရွက်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျမတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်လို့ ကြိုတင် လက်ဦးမှုယူ၊ အရေးယူ ကာကွယ်ရပါမယ်။ ဥပမာ ပြောရရင် ကမ္ဘာတဝန်း စားနပ်ရိက္ခာ မလုံခြုံမှုကို ကြည့်ပါ။ ပဋိပက္ခတွေဟာ ငတ်မွတ်ခေါင်းပါးမှုရဲ့ နံပါတ် (၁) အကြောင်းရင်းဖြစ်ပါတယ်။ ဒါ့အပြင် ငတ်မွတ်ခေါင်းပေါင်းမှုတွေ တိုးပွားလာတာကလည်းပဋိပက္ခဖြစ်ဖို့ တွန်းအား ဖြစ်နေပါတယ်။ ဒီအဆိုးသံသရာကို ရပ်တန့်နိုင်ဖို့က ကျမတို့ရဲ့ တာဝန်ဖြစ်ပါတယ်။”

“၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဘတ်ဂျက်ရဲ့ ထက်ဝက်ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂုဏ်ယူရပါတယ်။ ဒါပေမယ့် လက်ရှိအငတ်ဘေးကို တုံ့ပြန်ရုံတင်မကဘဲ ရာသီဥတုနဲ့ လိုက်လျောညီထွေရှိပြီး ကောက်ပဲသီးနှံတွေ စိုက်ပျိုးတာပဲ ဖြစ်ဖြစ်၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ စိုက်ပျိုး နည်းနာတွေ သုံးစွဲတာပဲ ဖြစ်ဖြစ်၊ လယ်သမား မိသားစုတွေအတွက် မြေယာ၊ အသိပညာနဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ တန်းတူညီမျှရရှိအောင် ကူညီပေးတာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးရင် နောင်လာမယ့် ငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခတွေ တားဆီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောကြားချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကြွေးမြီ မြင့်မားမှုပြဿနာ၊ အစိုးရဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ ရန်ပုံငွေတွေကို ခွဲဝေသုံးစွဲရာမှာ ရွေးချယ်နိုင်မှု စွမ်းရည်နဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာအပါအဝင် “အလုံးစုံ အကျပ်အတည်း မုန်တိုင်း” ကို ရင်ဆိုင်နေကြရပါတယ်။

"ကမ္ဘာ့စီးပွား အင်အားကြီးတွေဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာငွေကြေးတွေကို မောင်းနှင်လည်ပတ်ရမှာ ဖြစ်ပေမယ့် တဘက်မှာလည်း တခြားနိုင်ငံတွေ ကြွေးမြီ တခုပြီးတခု ဆင့်ယူနေရတဲ့ ကြွေးမြီသံသရာထဲ ကျသွားအောင်၊ ကြွေးမြီတွေလုံးဝ မပေးဆပ်နိုင်တော့တဲ့အခြေအနေမျိုး ရောက်သွားအောင် မလုပ်ရဘဲ ဒါမျိုး မဖြစ်အောင် အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်” " လို့ သံအမတ်ကြီး Thomas-Greenfield က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံတွေအတွက် ဘေးကင်းပြီး ရေရှည်တည်တံ့တဲ့ ငွေကြေးအထောက်အပံ့တွေ ရရှိနိုင်စေဖို့ရာ ဒေါ်လာဘီလီယံရာနဲ့ချီ တိုးမြင့်ချဲ့ထွင်ပြီး နိုင်ငံစုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေ ထွန်းကားလာစေရေး ကျယ်ပြောတဲ့ ညွန့်ပေါင်းအဖွဲ့ တခုနဲ့အတူ လုပ်ဆောင်နေပါတယ်။

“ပဋိပက္ခဖြစ်နိုင်ခြေကို မြင့်စေတဲ့ မတည်မငြိမ်ဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အားနည်းတဲ့ နေရာတွေနဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းကင်းမဲ့နေတဲ့ နေရာတွေကို ခွဲခြားသတ်မှတ်ဖို့ လိုပါတယ်” လို့ သံအမတ်ကြီး Thomas-Greenfield က ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖြစ်တာနဲ့အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီအခြေခံစာတမ်းရဲ့ အခြေခံမူတွေအပေါ်မှာ အခြေခံကြောင်း သေချာစေရပါမယ်။ လူတဦးစီတိုင်းအတွက် လက်တွေ့ အကောက်အထည်ဖော်နိုင်ဖို့ ကျမတို့ အလုပ် လုပ်ရမှာ ဖြစ်သလို၊ ကျမတို့အားလုံးမှာ တာဝန်ရှိနေပါတယ်။ ဒါမှသာ ကျမတို့ဟာ နောက်ဆုံးမှာ ပဋိပက္ခကင်းစင်တဲ့ ကမ္ဘာကြီး ဖန်တီးလိုတဲ့ အမြင်ကို ရရှိမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ သားသမီး မြေးမြစ်တွေရဲ့ အနာဂတ်ဟာ ဒီအပေါ်မှာ မူတည်နေပါတယ်။”

XS
SM
MD
LG