Accessibility links

Breaking News

လူကုန်ကူးမှု ရပ်တန့်ရေး အမေရိကန် ကြိုးပမ်းမှုများ (အမေရိကန်အစိုးရအာဘော်)


သံအမတ်ကြီး ဒိုင်ယာ ( Cindy Dyer)
သံအမတ်ကြီး ဒိုင်ယာ ( Cindy Dyer)

နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုအစီရင်ခံစာဟာ “လူကုန်ကူးမှု တိုက်ဖျက်နိုင်ရေး ကျမတို့ဆောင်ရွက်နေတဲ့ ကမ္ဘာတဝန်း စုပေါင်း ကြိုးပမ်းချက်ရဲ့ အဓိက အုတ်မြစ်ဖြစ်တယ်” လို့ အမေရိကန်ပြည်ထောင်စု လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး စင်ဒီဒိုင်ယာ (Cindy Dyer) က ပြောပါတယ်။

ဒီနှစ် လူကုန်ကူးမှုအစီရင်ခံစာရဲ့ မိတ်ဆက်နိဒါန်းထဲမှာ လူကုန်ကူးသူတွေဟာ ရာဇ၀တ်မှုတွေကျူးလွန်နိုင်ဖို့နဲ့ သူတို့ရဲ့ အထောက်အထားတွေကို ဖုံးကွယ်နိုင်ဖို့ အတွက် နည်းပညာဆိုင်ရာတိုးတက်မှုကို အသုံးချနေလို့ နည်းပညာနဲ့ လူကုန်ကူးမှု ဆက်နွှယ်လာနေတဲ့ ဆုံချက်ကို အလေးပေးထောက်ပြထားကြောင်း သံအမတ်ကြီး ဒိုင်ယာ (Dyer)က မှတ်ချက်ပြုပါတယ်။ လူကုန်ကူးခံရသူတွေကို ဖော်ထုတ်နိုင်ရေး၊ ရာဇ၀တ်မှုကွန်ရက်တွေကို နှိမ်နှင်းနိုင်ရေးနဲ့ လူကုန်ကူးသူတွေကို အပြစ်ပေး အရေးယူနိုင်ရေးကိစ္စရပ်တွေမှာ သမားရိုးကျနည်းလမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အားကောင်းလာစေဖို့ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်သလို တီထွင်ဆန်းသစ်တဲ့ နည်းပညာတွေ ဖြစ်ထွန်းမှုတွေကိုလည်း အခွင့်အလမ်းကောင်းအဖြစ် အသုံးချဖို့ လိုအပ်ကြောင်း သူက အလေးပေးပြောပါတယ်။

အခုနှစ် အစီရင်ခံစာထဲမှာ လူကုန်ကူးခံခဲ့ရသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လက်တွေ့နယ်ပယ်ထဲမှာအသုံးပြုနေတဲ့ ခေတ်မီဆန်းသစ်တဲ့ အလေ့အကျင့်တွေကိုအသုံးပြုတဲ့ လူကုန်ကူးခံရတဲ့သားကောင် ဗဟိုပြုချဉ်းကပ်မှုတွေကိုလည်း စူးစမ်းဖော်ထုတ်ထားတယ်လို့ သံအမတ်ကြီး ဒိုင်ယာ (Dyer) က ပြောပါတယ်။

“သာဓကအနေနဲ့ ပြောရရင် ဆန်းသစ်တဲ့ ဗျူဟာတွေ၊ လူကုန်ကူးမှု စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုတွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို တွေ့ရပါမယ်။ အစိုးရ တရားစွဲရှေ့နေအဖြစ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ပြောရရင် ဒီနည်းဗျူဟာတွေကို အသုံးချနိုင်ရင် လူကုန်ကူးခံရတဲ့ သားကောင်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အကာအကွယ်နဲ့ ပံ့ပိုးကူညီမှုတွေ ပေးနိုင်မှာဖြစ်သလို မှုခင်းတည်ဆောက်ရာမှာ အားကောင်းစေကာ တာဝန်ခံမှုနဲ့ တရားမျှတမှုကို မြှင့်တင်ပေးနိုင်ကြောင်း ကျမ ကိုယ်တွေ့ ကြုံခဲ့၊ သိခဲ့ပါတယ်။”

ဆန်းသစ်တီထွင်တဲ့နည်းလမ်းတွေအသုံးပြုပြီး မိတ်ဖက်အဖွဲ့အစည်းတွေကြား ချိတ်ဆက်ဆောင်ရွက်မှုကနေ အမြဲတစေ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်သလို လူကုန်ကူးမှုတားဆီးနိုင်ရေးနဲ့ အကာအကွယ်ပေးရေး ကြိုးပမ်းချက်တွေကို ကူညီပေးနိုင်မှာဖြစ်တယ်လို့လည်း သံအမတ်ကြီး ဒိုင်ယာ (Dyer) က ပြောပါတယ်။

“မကြာသေးမီက ကျမရဲ့ရုံးက P2P လို့ခေါ်တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အတွက် ဇမ်ဘီယာနိုင်ငံနဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီ P2P ပရိုဂရမ်ဟာ အောင်မြင်မှုတွေရခဲ့တဲ့ ကလေးသူငယ် အကာအကွယ်ပေးရေး အစီအစဥ်ကို အခြေခံထားပြီး အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ပူးတွဲရေးဆွဲထားတဲ့ နှစ်ရှည်လုပ်ငန်းအစီအစဉ်ဖြစ်ပါတယ်။"

“လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောက်ရွက်သူတွေဟာ လူကုန်ကူးမှု ဒဏ် သက်ရောက်မှုအခံရဆုံး လူ့အဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ် ရည်ရွယ်ချက်ရှိရှိနဲ့ ချိတ်ဆက်ပြီး လက်တွဲလုပ်ဆောင်ဖို့ အရေးကြီးပါတယ်” လို့ သံအမတ်ကြီး ဒိုင်ယာ (Dyer) က ပြောပါတယ်။

“လူကုန်ကူးမှုတွေကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ဖို့ရာ အမေရိကန်ပြည်ထောင်စုဟာ လူကုန်ကူးမှုဆိုင်ရာ အကြံပေးကောင်စီနဲ့ လူကုန်ကူးမှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အတိုင်ပင်ခံ ကွန်ရက်ဌာနကတဆင့် လူ့အခွင့်အရေးဆိုင်ရာ ဖက်ဒရယ်ပြည်ထောင်စု လူကုန်ကူးမှုတိုက်ဖျက်ရေးမူဝါဒနဲ့ အစီအစဥ်တွေနဲ့ အညီ ဆန်းသစ်တဲ့ နည်းလမ်းသစ်တွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ လူကုန်ကူးမှုဆိုင်ရာ အတွေ့အကြုံရှိသူတွေနဲ့ ထိတွေ့ဆက်သွယ်ပြီး သူတို့ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ကာ ကျွန်မတို့ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရှေ့ခြေလှမ်းတွေကို မတူကွဲပြားတဲ့ ရှုထောင့်တွေနဲ့ ထိုးထွင်းသိမြင်မှု အကျိုးကျေးဇူးရရှိစေခြင်းအားဖြင့် ပိုမိုထိရောက်တဲ့ လူကုန်ကူးခံရသူ အခြေပြု မူဝါဒတွေကို ဖြစ်ပေါ်စေပါတယ်။”

အမေရိကန်ပြည်ထောင်စုဟာ လူကုန်ကူးမှုအန္တရာယ်ကို အဆုံးသတ်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပရှိ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။

XS
SM
MD
LG