Accessibility links

Breaking News

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကိုင်တွယ်ဖို့အချိန်ကျ (အမေရိကန်အစိုးရအာဘော်)


လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဒွန်တွဲနေတတ်တဲ့ စက်ဆုပ်စရာအကောင်းဆုံးရာဇဝတ်မှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလည်း တခုအပါအဝင် ဖြစ်ပါတယ်။ တဖက်ရန်သူ ထိတ်လန့်ကြောက်ရွံ့သွားအောင်နဲ့ အရှက်တကွဲဖြစ်အောင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အသုံးချကြပါတယ်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကိုင်တွယ်ဖို့အချိန်ကျ

(အမေရိကန်အစိုးရအာဘော်)

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဒွန်တွဲနေတတ်တဲ့ စက်ဆုပ်စရာအကောင်းဆုံးရာဇဝတ်မှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလည်း တခုအပါအဝင် ဖြစ်ပါတယ်။ တဖက်ရန်သူ ထိတ်လန့်ကြောက်ရွံ့သွားအောင်နဲ့ အရှက်တကွဲဖြစ်အောင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အသုံးချကြပါတယ်။

ရှေးကတည်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေးနည်းဗျူဟာအဖြစ် အသုံးချလာကြတယ်လို့ ဒုသမ္မတ Kamala Harris ကပြောပါတယ်။ စစ်ပွဲဆင်နွှဲကြတဲ့သူတွေဟာ ပြည်သူတရပ်လုံး အထိတ်တလန့်ဖြစ်နေအောင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ပစ်မှတ်ထားပြီး သူတို့ရဲ့ခန္ဓာကိုယ်ကိုပါ လွှမ်းမိုးချုပ်ကိုင်ဖို့ ဆောင်ရွက်ကြပါတယ်။ ကမ္ဘာတဝှမ်း လက်ရှိပဋိပက္ခတွေပေါ်ပေါက်နေတဲ့နေရာတွေမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ စက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်အဖြစ်ရှိနေဆဲပါလို့လည်း ဒုသမ္မတက ပြောပါတယ်။

ရုရှားတို့ထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေထဲမှာလည်း ရုရှားတပ်တွေက အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က အီရတ်နိုင်ငံထဲက ဒေသတွေကိုသိမ်းပိုက်ခဲ့တဲ့ ISIS တို့က ထောင်နဲ့ချီတဲ့လူတွေကို သတ်ဖြတ်ခဲ့ကြပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေကိုတော့ လိင်ကျေးကျွန်တွေအဖြစ် အတင်းသွတ်သွင်းခဲ့ပါတယ်။ ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ ဆူဒန်နိုင်ငံမှာတော့ စစ်ဖက်အရံတပ်ဖွဲ့တွေလည်း အမျိုးသမီးနဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်နေကြပါတယ်။

ဟေတီနိုင်ငံမှာဆိုရင်လည်း လူမှုအသိုင်းအဝိုင်းတွေကို ခေါင်းမဖော်ရဲအောင် ဂိုဏ်းအုပ်စုတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာကနေ မုဒိန်းကျင့်တဲ့နည်းကိုပါ သုံးနေကြပါတယ်။ အလားတူ ထိတ်လန့်စရာဖြစ်ရပ်တွေကို တောင်ဆူဒန်၊ အီသီယိုးပီးယား၊ Central African Republic နဲ့ ကွန်ဂိုနိုင်ငံတို့မှာလည်း တွေ့နေရပါတယ်။ မနှစ်အောက်တိုဘာလ ၇ ရက်နေ့မှာတော့ ဟာမတ်စ်တို့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒါဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူ့အခွင့်အရေးတွေကို တိုက်ခိုက်တဲ့လုပ်ရပ်အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်က အသိအမှတ်ပြုရေးဆောင်ရွက်နေတာမှာ ကြီးမားတဲ့ တိုးတက်မှုတွေ လတ်တလောနှစ်တွေမှာ တွေ့လာရတယ်လို့လည်း ဒုသမ္မတ Harria ကပြောပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရဲ့ သားကောင်တွေဖြစ်ခဲ့ရသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် rape kit( သက်သေ နမူနာယူတဲ့အခါ လိုအပ်တဲ့ပစ္စည်းကိရိယာ) တွေကို အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂနဲ့ ကမ္ဘာတဝန်း ရှေ့က ဦးဆောင်ပံ့ပိုးနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ စစ်ဖက်နဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကိုလည်း အမေရိကန်က သင်တန်းတွေပေးနေပါတယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတဝန်းလုံးမှာ ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်သွားဖို့ဆိုရင်တော့ အမေရိကန်ရဲ့စနစ်နဲ့ မလုံလောက်ပါဘူး။

ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှန်သမျှ ပြတ်ပြတ်သားသား ရှုတ်ချရပါမယ်။ လိင်ပိုင်းအကြမ်းဖက်မှုနဲ့ ကြုံတွေ့ခဲ့ရသူတွေကို အားပေးကူညီဖို့၊ သက်သေအထောက်အထားတွေကို ထိရောက်စွာစုဆောင်းဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေပိုမိုဆောင်ရွက်ဖို့ စတဲ့စနစ်တွေကို ဦးစားပေးဆောင်ရွက်ရပါမယ်။

သမ္မတဂျိုးဘိုင်ဒန်အစိုးရက Dignity in Documentation Initiative ဆိုတဲ့အစီအစဥ်တရပ်ကို ဂျွန်လ ၁၇ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ဒါဟာ ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကို ပံ့ပိုးပေးလိုတဲ့အကြောင်းရင်း လည်းပါဝင်ပါတယ်။ ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တရားရေးဘက်ရော ဥပဒေစိုးမိုးရေးဘက်ကပါ လုံလောက်စွာ ကိုင်တွယ်ဆောင်ရွက်မှုမရှိတာ အတော်ကြာပါပြီ။ နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်ခံမှုရှိစေရမယ့်အစား... ပြစ်တင်ရှုတ်ချရုံနဲ့ အဆုံးသတ်သွားတာလည်း အတော်ကြာပါပြီ။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေးနည်းဗျူဟာအဖြစ်အသုံးချနေတာဟာ ဆင်ခြင်တုံတရားကင်းမဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာအောင် မဆောင်ရွက်နိုင်ဘူးဆိုရင် ကျမတို့အားလုံးလူသားဆန်မှုကို ပျက်ကွက်တာနဲ့အတူတူပါပဲလို့လည်း ဒုသမ္မတ Kamala Harris ကပြောပါတယ်။

XS
SM
MD
LG