Accessibility links

Breaking News

နေတိုးထိပ်သီးဆွေးနွေးပွဲ ၇၅ နှစ်တိုင် အောင်မြင်မှုထင်ဟပ် (အမေရိကန်အစိုးရအာဘော်)


ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က နေတိုးဌာနချုပ်မှာ လွှင့်ထူထားတဲ့ အမေရိကန်နဲ့နေတိုးအဖွဲ့အလံများ။ (မတ် ၃၁၊ ၂၀၁၇)
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က နေတိုးဌာနချုပ်မှာ လွှင့်ထူထားတဲ့ အမေရိကန်နဲ့နေတိုးအဖွဲ့အလံများ။ (မတ် ၃၁၊ ၂၀၁၇)

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ နေတိုးနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား သမိုင်းတလျှောက် အအောင်မြင်ဆုံးကာကွယ်ရေးမဟာမိတ် ၇၅ နှစ်ပတ်လည်အဖြစ် နေတိုးထိပ်သီးအစည်းအဝေးကို ဂျူလိုင် ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ဝါရှင်တန်မှာကျင်းပမှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အစည်းအဝေးမှာ အာရုံစိုက်ဆွေးနွေးမှာဖြစ်ပြီး အနာဂတ်စိန်ခေါ်ချက်တွေအတွက်လည်း ရင်ဆိုင်ရမယ့်နည်းလမ်း တွေချမှတ်ကြမှာဖြစ်ပါတယ်။ နေတိုးရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်အမှတ်ရဖို့ အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က လတ်တလော တွေ့ဆုံမေးမြန်းခန်းတခုမှာ အလေးပေးပြောကြားခဲ့သည်။

"ဒါဟာ စုပေါင်းကာကွယ်မှုရဲ့စွမ်းအားပါ။ ပြဌာန်းချက်အမှတ် (၅) အရ နိုင်ငံတနိုင်ငံကို တိုက်ခိုက်တာဟာ အားလုံးကို တိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့အချက်က ရန်လိုတဲ့လုပ်ရပ်တွေကို အဟန့်အဟားဖြစ်စေတဲ့ အထိရောက်ဆုံး အချက်တခုဖြစ်ပါတယ်။ စစ်ပွဲတွေပေါ်ပေါက်မလာအောင်၊ ပဋိပက္ခတွေ ရှောင်လွှဲနိုင်အောင် အခိုင်မာဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတခုလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်လိုတဲ့သူတွေမှာလည်း တနိုင်ငံကိုထိရင် နေတိုးအဖွဲ့တခုလုံးနဲ့ ပတ်သက်ရတော့မယ်ဆိုတာ သဘောပေါက်ထားလို့ဖြစ်ပါတယ်။”

လက်ရှိမှာတော့နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံရှိပါတယ်။ ခုနောက်ဆုံးအဖွဲ့ဝင်ဖြစ်လာတာက ဖင်လန်နဲ့ဆွီဒင်နိုင်ငံတို့ဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်အထိ စိတ်ကူးကြည့်လို့တောင်မရတဲ့ကိစ္စအဖြစ် လူအတော်များများယူဆထားတဲ့အရာလည်းဖြစ်ပါတယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။

“နေတိုးဟာ အရင်ကထက်ပိုမိုအားကောင်းပြီး ကာကွယ်ရေးအတွက် အတော်ရင်းနှီးမြှုပ်နှံထားကြတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဝေလနယ်အစည်းအဝေးမှာကတိပြုခဲ့ကြသလို ကာကွယ်ရေးအတွက် အသားတင်ထုတ်ကုန်တန်ဖိုး GDP ၂ ရာခိုင်နှုန်းထည့်ဝင်တဲ့ နိုင်ငံက ၂၃ နိုင်ငံရှိပါတယ်။ ၂၀၂၁ ခုနှစ်တုန်းကတော့ အဲဒီသတ်မှတ်ချက်နဲ့ပြည့်မီတဲ့နိုင်ငံက ၉ နိုင်ငံပဲရှိခဲ့တာပါ။ အဲဒီသတ်မှတ်ချက်နဲ့ပြည့်မီတဲ့နိုင်ငံ ၂၃ နိုင်ငံရှိလာတဲ့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုက ၁၈ ရာခိုင်နှုန်းတိုးလာပါတယ်။”

နေတိုးမဟာမိတ်အဖွဲ့ ပိုမိုခိုင်မာအားကောင်းလာစေမယ့် နောက်ထပ်အလားအလာတွေကတော့ မြောက်အမေရိကအပြင် ဥရောပနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်မှာလည်း နေတိုးအစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ အင်ဒို-ပစိဖိတ်ဒေသက မိတ်ဖက် ၄ နိုင်ငံလည်း ဒီနှစ် အစည်းအဝေးကိုတက်ရောက်လာမှာပါ။ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဖြစ်ကြပါတယ်။ ကမ္ဘာတဘက်ခြမ်း အာရှတိုက်ဘက်က စိန်ခေါ်ချက်တွေဟာ ဥရောပနဲ့လည်းဆိုင်တယ်ဆိုတာမျိုး မိတ်ဖက်နိုင်ငံတွေက ပိုမို ရှုမြင်လာတာကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။ အာရှမဟာမိတ်တွေဘက်ကလည်း ကမ္ဘာတဝန်းလုံးနဲ့ ဥရောပဖက်က စိန်ခေါ်ချက်တွေကို သူတို့နဲ့သက်ဆိုင်တယ်လို့ ရှုမြင်ထားကြပါတယ်။ ယူကရိန်းကို ရုရှားတို့ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာပဲ ဂျပန်ဝန်ကြီးချုပ် ကီရှိဒါက ဥရောပမှာ ဒီကနေ့ဖြစ်ပျက်နေတာတွေ အာရှမှာ နောက်တနေ့ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။”

မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ လိုအပ်တဲ့အခါ နေတိုးအဖွဲ့မှာကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို ဝါရှင်တန်မှာကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ အသေအချာဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး Blinken ကပြောဆိုသွားပါတယ်။ ဒါဟာ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးက ပြည်သူတွေရဲ့ အကျိုးစီးပွါးဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုသွားပါတယ်။

XS
SM
MD
LG