Accessibility links

Breaking News

နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုများ (အမေရိကန်အစိုးရအာဘော်)


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး Robert Wood
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး Robert Wood

ယူကရိန်း- ရုရှားစစ်ပွဲဟာ နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးကို ဆက်ပြီးခြိမ်းခြောက်နေပါတယ်။ ရုရှားရဲ့ဓာတုလက်နက်တွေကြောင့် အရပ်သားတွေသေကျေနေကြရပြီး ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးနေရပါတယ်။

ရုရှားဘက်က ဆက်ပြီးစစ်ဆင်နွှဲနိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို အီရန်၊ မြောက်ကိုရီးယားနဲ့ တရုတ်တို့ကထောက်ပံ့ပေးနေပါတယ်။ အကြမ်းဖက်ဝါဒကို အဓိကပံ့ပိုးကူညီနေတဲ့ ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်တဲ့ အီရန်ဟာ ရုရှားရဲ့ကျူးကျော်စစ် ပိုမိုအားကောင်းအောင် စစ်ရေးအထောက်အပံ့တွေ တိုက်ရိုက်ပေးအပ်နေပြီး ရုရှားအစိုးရက အဲဒီလက်နက်တွေနဲ့ ယူကရိန်းအရပ်သားတွေနဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးနေတယ်လို့ အမေရိကန်ကပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး Robert Wood ကခုလိုပြောပါတယ်။

“ဆိုဗီယက်ယူနီယံကနေ ယူကရိန်းနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ မောင်းသူမဲ့ Shahed UAV ဒရုန်းအစင်းရေ ၁၀၀ အပြင် လျှောချဗုံးတွေနဲ့ ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားလိုင်း၊ ဓာတ်အားပေးစက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေအပါအဝင် နိုင်ငံတဝှမ်းက အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားဟာ အဲဒီ UAV ဒရုန်းတွေကို သူ့ဖာသာ ထုတ်လုပ်တာ ဒါမှမဟုတ် အီရန်ဆီက ဝယ်ယူတာဖြစ်ပါတယ်။”

ပဲ့ထိန်းဒုံးတွေကို ရုရှားနိုင်ငံဆီ အီရန်က ဆက်ပြီးလွှဲပြောင်းပေးပို့နေမယ်ဆိုရင်တော့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုအပေါ် သိသိသာသာ အန္တရာယ်ကျရာက်လာလိမ့်မယ်လို့လည်း သံအမတ်ကြီး wood ကပြောပါတယ်။

“ ဒါဇင်နဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေပါတဲ့ ကွန်တိန်နာ ၁၆,၅၀၀ ကို မြောက်ကိုရီးယားက ရုရှားကို တရားမဝင် လွှဲပြောင်းပေးပို့ခဲ့တဲ့အတွက် ယူကရိန်းပြည်သူတွေရဲ့ စစ်ဘေးဒုက္ခ ပိုပြီးတာရှည်လာစေခဲ့ပါတယ်။ မြောက်ကိုရီးယားဆီက ပဲ့ထိန်းဒုံးကျည်တွေကို ဝယ်ယူခဲ့တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှားကိုယ်တိုင် ထောက်ခံထားတဲ့ မြောက်ကိုရီးယား လက်နက်ရောင်းချမှုတားမြစ်ချက်ကို ချိုးဖောက်လိုက်တာလည်း ဖြစ်ပါတယ်။

ရုရှားဟာ တရုတ်နိုင်ငံဆီကလည်း သိသာထင်ရှားတဲ့ အထောက်အပံ့တွေ ရရှိခဲ့တယ်လို့ သံအမတ်ကြီး Wood ကပြောပါတယ်။

“တရုတ်နိုင်ငံကတင်ပို့လိုက်တဲ့ nitro-cellulose ဓာတ်ပေါင်းတွေ၊ စက်ပစ္စည်းကိရိယာတွေ၊ မိုက်ခရို အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ UAV ဒရုန်းတွေအပြင် ခရုဇ်ဒုံးကျည်တွေနဲ့ ရုရှားက ယူကရိန်း အရပ်သားပြည်သူတွေနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနှစ်ခွဲအတွင်း တရုတ်နိုင်ငံကတင်ပို့လိုက်တဲ့ စစ်ဖက်-အရပ်ဖက်သုံး တင့်ကားတွေ၊ ဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ရုရှားက စစ်ရေးအင်အားတွေ အကြီးအကျယ် တိုးချဲ့လာတာကို တွေ့ခဲ့ရပါတယ်။”

ရုရှားအစိုးရရဲ့ ကျူးကျော်စစ်ပွဲအတွင်း မြေစာပင်ဖြစ်ခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ သက်ဆိုင်သူတွေဖက်က တာဝန်ခံမှုရှိစေရေး အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆို သွားမယ်လို့လည်း သံအမတ်ကြီး Wood ကပြောကြားခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲဖြစ်မြောက်အောင် တွန်းအားပေးခဲ့ကြသူတွေကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက် ဖော်ထုတ်သွားမယ်လို့ သံအမတ်ကြီး Wood ကပြောပါတယ်။”

XS
SM
MD
LG