ကမ္ဘာ့အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ တရုတ်ဟာ ကမ္ဘာမှာတော့ ဒုတိယ အကြီးဆုံးစီးပွါးရေးအင်းအားရှိပြီး သူ့ရဲ့စစ်ရေးအင်အားဟာလည်း အရှိန်အဟုန်နဲ့ ကြီးထွားလာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က Catherine Herridge နဲ့ လတ်တလော တွေ့ဆုံမေးမြန်းခန်းမှာ မှာပြောဆိုခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ကူးလူးဆက်ဆံမှု ထားရှိဖို့တော့ လိုပါတယ်လို့လည်း ဝန်ကြီး Rubio ကပြောပါတယ်။ တရုတ်တို့ ဆောင်ရွက်သမျှ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တချို့ကိစ္စရပ်တွေမှာတော့ အမေရိကန်ဟာ တရုတ်နဲ့ ပြိုင်ဖက်ဆိုတာ နားလည်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကြား တိုက်ရိုက် ဆန့်ကျင်နေတာလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဆက်ဆံမှုမရှိရင် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် နှစ်နိုင်ငံကြား ဆက်သွယ်ဆောင် ရွက်မှုတွေ ထားရှိဖို့တော့လိုပါတယ်လို့ ဝန်ကြီး Rubio ကပြောကြားသွားတာပါ။
ဆိုလိုတာက အမေရိကန်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုတွေအတွက် တရုတ်နိုင်ငံကို မှီခိုအားထားနေရတာမျိုးတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ နောက်ပြီး အင်ဒို-ပစိဖိတ်ဒေသကို တရုတ်တို့ကပဲ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အခြေအနေမျိုးလည်း ကို အမေရိကန်က ခွင့်ပြုမှာမဟုတ်ပါဘူး။ အမေရိကန်နဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှုကို ကန့်သတ်နိုင်အောင် တရုတ်က သြဇာလွှမ်းမိုးထားတာမျိုးကိုလည်း အမေရိကန်က လက်မခံနိုင်ပါဘူးလို့လည်း ဝန်ကြီး Rubio ကပြောကြားသွားပါတယ်။
တရုတ်ရဲ့ သြဇာခံဖြစ်လာမှာမဟုတ်တဲ့ ဂျပန်နိုင်ငံကတော့ အမေရိကန်ရဲ့ နီးကပ်တဲ့ မဟာမိတ်နိုင်ငံဖြစ်ပါတယ်လို့ ဝန်ကြီး Rubio ကအခိုင်အမာပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ နဲ့ ဗီယက်နမ်နိုင်ငံတို့လည်း တရုတ်ရဲ့ သြဇာခံဖြစ်ဖို့ စိတ်ဝင်စားကြမှာမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
ကျနော်တို့ဟာ ပစိဖိတ်ရပ်ဝန်းနိုင်ငံတွေဖြစ်ကြပါတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောကြားသွားပါတယ်။ ပစိဖိတ်ရပ်ဝန်းနိုင်ငံအဖြစ် တစုတစည်းထဲတည်ရှိဖို့နဲ့ အပြန်အလှန်ဆက်ဆံရေး မပျက်ဖို့လည်း ရည်မှန်းထားတဲ့အတွက် ဒါဟာ မကျော်သင့်တဲ့ အနီရောင်စည်းဖြစ်ပါတယ်လို့လည်း ဝန်ကြီး Rubio ကပြောပါတယ်။
မျှတမှုမရှိတဲ့ ကုန်သွယ်ရေး ဆောင်ရွက်ချက်တွေကိုလည်း အမေရိကန်က ကိုင်တွယ်မယ်လို့လည်း ဝန်ကြီး Rubio က အလေးထားပြောကြားသွားပါတယ်။ အမေရိကန်တွေသဘောကျတဲ့ တရုတ်ရဲ့ ဝန်ဆောင်မှုတွေဆိုရင် ကျနော်တို့က ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ကုမ္ပဏီတွေကိုကျတော့ တရုတ်နိုင်ငံထဲမှာ အွန်လိုင်းကနေ ဘာမှဆောင်ရွက်လို့မရအောင် စဥ်းမျဥ်းတွေတင်းကျပ်ထားပါတယ်။ တရုတ်နိုင်ငံမှာ လုပ်ကိုင်ခွင့်ရတယ်ဆိုရင်လည်း ဒါက အမေရိကန်ရဲ့ ဥာဏမူပိုင်ခွင့်ကို ခိုးယူပြီး အမေရိကန် ကုမ္ပဏီတွေ အောင်မြင်မှုမရေအာင် ဆောင်ရွက်တာမျိုးပဲဖြစ်မှာပါ။ ပြီးမှ တရုတ်ကုမ္ပဏီနဲ့အစားထိုးလိုက်တာ မျိုးဖြစ်ပါတယ်” လို့လည်း ဝန်ကြီး Rubio ကပြောကြားခဲ့ပါတယ်။
သမ္မတ Donald Trump ကတော့ "တဖက်နဲ့ တဖက် အပြန်အလှန် "ဆိုတာမျိုးရှိရမယ်လို့ ထပ်ခါတလဲလဲ ပြောကြားထားပါတယ်။ တရုတ်နိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ရသလိုမျိုး ဒီမှာလည်း တရုတ်ကုမ္ပဏီတွေကို ခွင့်ပြုဖို့လိုပါတယ်။ အမေရိကန် ထုတ်ကုန်တွေကို တရုတ်တို့က အခွန်သတ်မှတ်သလို တရုတ်ရဲ့ကုန်တွေကိုလည်း အခွန်ကောက်ရပါလိမ့်မယ်လို့ ဝန်ကြီး Rubio ကပြောပါတယ်။
တိုင်ဝမ်အရေးမှာ ပဋိပက္ခဖြစ်တာကို မတွေ့ချင်ပေမယ့် အမေရိကန်က နှစ်တွေနဲ့ချီ ရှင်းလင်းစွာချမှတ်ထားတဲ့ Taiwan Relations Act တိုင်ဝမ်ဆက်ဆံရေးဥပဒေဆိုင်ရာ အာမခံချက် ၆ ချက်ကို ဖိအားပေးတာ၊ ဒါမှမဟုတ် ခြိမ်းခြောက်ပြီး ပြောင်းလဲလိုက်တာမျိုးကိုတော့ အမေရိကန်က ဆန့်ကျင်ပါတယ်။ တိုင်ဝမ်ဆက်ဆံရေးဥပဒေဟာ အမေရိကန်ရဲ့ မူဝါဒအတိုင်းဆက်ပြီးတည်ရှိနေပါတယ် လို့လည်း ပြောဆိုသွားပါတယ်။
တရုတ်နိုင်ငံနဲ့ အခြားကမ္ဘာ့နိုင်ငံတွေအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒဟာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစွာပိုမိုအကျိုးဖြစ်ထွန်းစေရမှာဖြစ်ပါတယ်။