၂၀၂၃ အမေရိကန်အလုပ်သမားနေ့

  • VOA Policy

FILE - UPS teamsters and workers hold a rally, July 21, 2023, in Atlanta, Georgia, as a national strike deadline nears.

စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့ကို အမေရိကန်တို့က အလုပ်သမားနေ့ အဖြစ် ကျင်းပကြပါတယ်။ ဒီကနေ့ ဒီအချိန်မှာတော့ နွေရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ်အဖြစ် ချီတက်ပွဲတွေ၊ မိသားစုတွေ့ဆုံပွဲတွေ ပျော်ပွဲစားတွေနဲ့ ကျင်းပကြပါတယ်။ ဒါပေမဲ့လည်း အလုပ်သမားနေ့ဟာဆိုရင် အမေရိကန် အလုပ်သမားတွေ၊ နောက် အမေရိကန် ပြည်ထောင်စုရဲ့ ကြွယ်၀ တိုးတက်ရေးမှာ သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

၁၉ ရာစုနှစ် အလယ်ပိုင်းကာလတွေကနေ ၂၀ ရာစုရဲ့ ပထမဆုံး နှစ်ပေါင်း ၂၅ နှစ်လောက်အတွင်း ဒီ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ ဒီကနေ့ ဒီအချိန် အများအပြား ခံစားနေကြရတဲ့ အခွင့်အရေးတွေအတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ကြရတာပါ။ သူတို့ရဲ့ အကျိုးကျေးဇူးကြောင့် အခုအခါမှာတော့ တပတ်ကို ၅ ရက်၊ အလုပ်ချိန် နာရီ ၄၀၊ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်အခြေအနေတွေ၊ အနားယူ အပန်းဖြေဖို့နဲ့ နားမကျန်းဖြစ်တဲ့အခါမှာ လစာနဲ့ခွင့်ယူခွင့်တို့ ရရှိပါတယ်။

ကလေးတွေဟာ ကျောက်မီးသွေးတွင်းတွေထဲက ပုံးတွေဆွဲဖို့၊ လယ်ကွင်းတွေမှာ စိုက်ပျိုးရေးလုပ်ဖို့ ဒါမှမဟုတ်လည်း သံမဏိစက်ရုံတွေကကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်ဖို့မဟုတ်ဘဲ ပိုကောင်းတဲ့အနာဂတ်အတွက် ကျောင်းတက်ရမယ်ဆိုတာကို သူတို့ နားလည်ခဲ့ကြပါတယ်။ အလုပ်ဆိုတာ လုပ်ခလစာရရှိရေးထက် ပိုတယ်ဆိုတာကို ဖခင်ဖြစ်သူက ငယ်ငယ်ကတည်းက သူ့ကို သင်ကြားခဲ့တယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။

“ဒါဟာ ဂုဏ်သိက္ခာ၊ လေးစားမှုနဲ့အသိုင်းအဝိုင်းတွင်းက ကိုယ့်နေရာဖြစ်ပါတယ်။ ကိုယ့်သားသမီးတွေကို ကြည့်ပြီး အားလုံး အဆင်ပြေသွားမယ်ဆိုတာကို သူတို့ကို အာမခံချက်လည်း ဖြစ်ပါတယ်။ အမေရိကန်တွေ နေ့စဉ် အလုပ်သွားတာဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက်သာမဟုတ်ဘဲ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ဘဝကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နေကြတဲ့ သူတို့ဟာ ကျနော်တို့ နိုင်ငံကိုတည်ဆောက်၊ မောင်းနှင်၊ စောင့်ရှောက်ပြီး ကြီးထွားစေတာ ဖြစ်ပါတယ်။ ”

အလုပ်သမားလူတန်းစားအတွက် စီးပွါးရေးဆိုင်ရာ လွတ်လပ်မှုမရှိရင် အမေရိကန်အများစုအတွက် လွတ်လပ်မှုရှိမှာမဟုတ်ဘူးဆိုတာကို အလုပ်သမား ခေါင်းဆောင်တွေက လှုပ်ရှားမှုအစောပိုင်းရက်တွေကတည်းက နားလည်ခဲ့ကြပါတယ်။ စည်းရုံးလှုပ်ရှားမှု၊ ဆန္ဒပြမှုနဲ့ သပိတ်မှောက်မှုမှာ တစည်းတလုံးတည်း စုပေါင်းဆောင်ရွက်၊ လှုပ်ရှားမှုတွေကို ပူးပေါင်းမှ သူတို့နဲ့ထိုက်တန်တဲ့ ဂုဏ်သိက္ခာ၊ ကောင်းမွန်တဲ့လုပ်ငန်းခွင်၊ မျှတတဲ့အခကြေးငွေရရှိ အောင်မြင်မယ်ဆိုတာကို သူတို့ နားလည်ခဲ့ကြပါတယ်။ အလုပ်ကြိုးစားတဲ့ အမေရိကန်တွေဟာ နိုင်ငံရဲ့ ကျောရိုးဖြစ်တယ်လို့ သမ္မတ Biden က ပြောပါတယ်။

“ လူလတ်တန်းစားတွေက အမေရိကန်ကို တည်ဆောက်ပြီး သမဂ္ဂတွေက လူလတ်တန်းစားကိုတည်ဆောက်ပါတယ်။ တည်မြဲတဲ့ လူလတ်တန်းစားတရပ် အတွက် ပံ့ပိုးမှုတွေကို သမဂ္ဂတွေကဖော်ဆောင်ခဲ့တာဖြစ်ပြီး အလုပ်သမားနေ့မှာ အလုပ်သမားအားလုံးကို ကျနော်တို့ ဂုဏ်ပြုပါတယ်။ ဒါ့အပြင် သူတို့ရဲ့အဓွန့်ရှည်တဲ့ လှုပ်ရှားမှုဟာဆိုရင် ကျနော်တို့ရဲ့စီးပွါးရေးကို ဆက်လက် လှုပ်ရှား တက်ကြွစေပြီး ကျနော်တို့ နိုင်ငံ ခိုင်မာ စေပါတယ်။”

Your browser doesn’t support HTML5

၂၀၂၃ အမေရိကန်အလုပ်သမားနေ့