Accessibility links

Breaking News

ဆိုးဝါးလာတဲ့ မြန်မာ့အကျပ်အတည်းအပေါ် နိုင်ငံတကာစိုးရိမ်မှု (အမေရိကန်အစိုးရအာဘော်) 


လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ မြန်မာစစ်ဘေးရှောင်သူများ။
လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ မြန်မာစစ်ဘေးရှောင်သူများ။

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၄၀ နဲ့ ဥရောပ သမဂ္ဂတို့က ဇူလိုင်လ ၁၅ ရက်နေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂနိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert Wood က သတင်းစာရှင်းလင်းပွဲမှာကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစစ်အာဏာသိမ်းပြီး ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တာပါ။

အဲဒီအချိန်ကစလို့ စစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါ တယ်။ လူနည်းစုတိုင်းရင်းသားတွေအပေါ် အရက်စက်ဆုံးဖိနှိပ်နေပြီး အထူးသဖြင့်တော့ ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာ လူထုအပေါ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ပိုပြီး ကျယ်ပြန့်လာတဲ့ကိစ္စ၊ နိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာပြဿနာတွေ ပိုပြီး ဆိုးရွာစေကြောင်းဖြစ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေချိုးဖောက်မှုဆိုင်ရာ ခိုင်မာတဲ့အစီရင်ခံချက်တွေအပေါ်မှာ အထူးပဲ စိုးရိမ်ကြောင်း သံအမတ်ကြီး Wood က ပြောပါတယ်။

ရိုဟင်ဂျာ အများအပြား အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို ပဋိပက္ခတွေအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုရေးအတွက် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်နေကြောင်း လတ်တလောအစီရင်ခံချက်တွေမှာ ဖော်ပြကြပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တွေရဲ့ စခန်းတွေဝန်းကျင်မှာ စစ်တပ်က မြေမြှုပ်မိုင်းတွေထောင်ထားပြီး ဒီစခန်းတွေကို စစ်စခန်းအဖြစ်သုံးဖို့ ဆောင်ရွက်ချက်ဖြစ်ပုံရကြောင်း အစီရင်ခံဖော်ပြချက်တွေကြောင့် ကျနော်တို့ အထူးပဲ စိုးရိမ်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်၊ နောက် တခြားသောအဖွဲ့အစည်းတွေက တိုင်းရင်းသားလူနည်းစု လူမှုအသိုင်းအဝိုင်းတွင်းမှာ ကလေးငယ်တွေအပါအဝင် လူသစ်စုဆောင်းမှု ဆိုင်ရာ ခိုင်မာတဲ့သတင်းတွေလည်းရှိနေပြီး ဒီအချက်ဟာဆိုရင် လူမှုအသိုင်းအဝိုင်း အချင်းချင်း တင်းမာမှုတွေ ပိုပြီး တိုးလာနိုင်တဲ့အန္တရာယ်ရှိသလို လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းလည်း ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။

ဒီစိုးရိမ်ချက်တွေအပြင် အထူးသဖြင့် မြန်မာစစ်တပ်ကလုပ်နေတဲ့အကြမ်းဖက်မှုတွေနဲ့ မတရား ဖိနှိပ်မှုတွေ၊ အရပ်သားတွေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို အဆင်အခြင်မဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ၊ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ၊ လူသားချင်းစာနာကူညီရေး လုပ်သားတွေနဲ့ အဆောက်အဦတွေအပေါ် တိုက်ခိုက်မှုတွေ၊ လူသားချင်း စာနာကူညီရေးအတွက် ဝင်ရောက်လုပ်ကိုင်ခွင့် တားမြစ်ကန့်သတ်တဲ့ သတင်းတွေလည်း အများအပြားရှိတယ်လို့ သံ အမတ်ကြီး Wood က ပြောပြီး ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက် စစ်အာဏာသိမ်းမှုနဲ့ မြန်မာလူထုအပေါ် တိုက်ခိုက်မှုတွေ နောက်ပိုင်း လူသားချင်းစာနာမှုအကူအညီ လိုအပ်သူဦးရေတသန်းကနေ ၁၈.၆ သန်း တိုးလာပါတယ်။ စစ်အာဏာမသိမ်းခင်က ထွက်ပြေးရတဲ့ ရိုဟင်ဂျာတသန်းကျော်ရှိနေတဲ့ အနေ အထားမှာ နောက်ထပ်လူပေါင်း ၂.၉ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး ဒီထဲမှာ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခိုလှုံရသူက ၆၆,၀၀၀ ကျော် ပါဝင်ပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်၊ နောက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအနေနဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေလျှော့ချကြဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေတို့ကို လေးစားလိုက်နာကြပြီး အရပ်သားတွေကို အကာအကွယ်ပေးကြဖို့ တောင်းဆိုပါတယ်လို့ လည်း သံအမတ်ကြီး Wood က ပြောပါတယ်။ မြန်မာနိုင်ငံတွင်း အခြေအနေတွေ အတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တရပ် ရှာဖွေနိုင်ရေးအတွက် အပြုသဘောဆောင်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုနဲ့ အဖြေရှာကြဖို့လည်း ကျွန်ုပ်တို့ ထပ်မံ တိုက်တွန်းပါတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

XS
SM
MD
LG