Accessibility links

Breaking News

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၂၀၂၄ (အမေရိကန်အစိုးရအာဘော်)


အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၂၀၂၄ (အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:04:27 0:00

မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာ့ အသိုင်းအ၀ိုင်းတခုလုံးက စုပေါင်းကျင်းပကြပါတယ်။

မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာ့အသိုင်းအဝိုင်းတခုလုံးက စုပေါင်းကျင်းပကြပါတယ်။ ဒီနေ့မှာ သမိုင်းတလျှောက် နိုင်ငံတကာက အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတာဖြစ်ပြီး အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ ကျား-မရေးရာစံနှုန်းတွေ၊ ကျား-မ တန်းတူမညီမျှမှု၊ မျိုးပွားမှုဆိုင်ရာကန့်သတ်ချက်တွေ၊ ကျား-မရေးရာ အခြေခံအကြမ်းဖက်မှုတွေနဲ့ လူမှုအသိုင်းအဝန်းထဲ အမျိုးသမီးတွေ အပြည့်အဝ ဝင်ဆန့်ပါဝင် လှုပ်ရှားနိုင်ဖို့ အတားအဆီးဖြစ်နေတဲ့ ကိစ္စရပ်တွေအကြောင်းကို ထောက်ပြပြောဆိုနိုင်ဖို့ ဖြစ်ပါတယ်။

“ဆယ်စုနှစ်တွေကြာအောင် တိုးတက်မှုတွေ ရှိလာနေပေမဲ့ ကမ္ဘာတဝန်းက နေရာတော်တော်များများမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေဟာ ချိုးဖောက် တိုက်ခိုက် ခံနေရဆဲ ဖြစ်ပြီး လူ့အဖွဲ့အစည်းတွေကို နောက်ပြန်ဆွဲနေပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“အာဖဂန်နစ္စတန်မှာဆိုရင် တာလီဘန်တွေက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ကျောင်းတက်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေကို တားမြစ်ထားတာကို တွေ့နေရပါတယ်။ အီရန်မှာ ဆိုရင်လည်း လွတ်လပ်ခွင့်အတွက် သတ္တိရှိရှိ ရပ်တည်နေကြတဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို အစိုးရက ရက်ရက်စက်စက် ဖိနှိပ်နေတာကို မြင်နေရပါတယ်။ ရုရှားရဲ့ ရက်စက်ပြီး တရားမျှတမှုမရှိတဲ့ ကျူးကျော်မှုဒဏ်ခံရေတဲ့ ယူကရိန်းမှာ ဆိုရင်လည်း အမျိုးသမီးတွေ အပေါ် မုဒိမ်းကျင့်မှုကို လက်နက်တခုသဖွယ် အသုံးချနေတာ အပါအဝင် ယူကရိန်းနိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် မရေမတွက်နိုင်လောက်အောင် မြောက်မြားလှတဲ့ အမျိုးသမီးတွေဟာ သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်နေတာကို တွေ့ရပါတယ်။”

လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်တာကို ပြန်ကြည့်ရင်တော့ အမျိုးသမီးများအတွက် တိုးတက်ဖြစ်ထွန်းမှု တချို့ကိုတွေ့ရပါတယ်။ ဒီထဲမှာ ကျား-မတန်းတူရေး၊ နိုင်ငံရေး ကိုယ်စားပြုမှု၊ မိခင်သေဆုံးမှုလျှော့ချနိုင်ခဲ့တာနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေမှာ တိုးတက်လာမှုတွေ ပါဝင်ပါတယ်။ ဒါပေမယ့် နိုင်ငံအများအပြားမှာ အမျိုးသမီးတွေဟာ ဘဏ်နဲ့ ချေးငွေဆိုင်ရာတွေမှာ၊ ပိုင်ဆိုင်မှုအမွေဆက်ခံရာမှာ၊ စီးပွားလုပ်ငန်းစတင်ရာမှာ၊ အဆင့်မြင့်ပညာရေးရယူနိုင်ခွင့် ဒါမှမဟုတ် အိမ်ပြင်ပအလုပ်အကိုင်ရှာဖွေတာအပါအဝင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ ရရှိနိုင်မှု စတာတွေမှာတော့ ကြီးမားတဲ့ အဆီးအတားတွေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ မကြာခဏဆိုသလို၊ အမျိုးသမီးတွေဟာ သူတို့အပေါ် မမျှတစွာ သက်ရောက်မှုရှိတဲ့ ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် မရဘဲ ချုပ်နှောင် သော့ခတ်ခံထားရဆဲ ဖြစ်နေပါတယ်။

“အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် အခွင့်အလမ်းတွေ မြှင့်တင်ပေးခြင်းဟာ လူတိုင်းအတွက် လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောမှုကို အားကောင်းစေမှာ ဖြစ်ပါတယ်” လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။ “နောက်ပြီး ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်ရှိတဲ့ အမျိုးသမီးတွေကို နောက်မှာ ထားရစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ခေတ်ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ သိရပါမယ်။ ဒါကြောင့် ဒီနေ့ ခေတ်မှာ ကမ္ဘာတဝန်းက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းဆောင်နိုင်မှုတွေနဲ့ သူတို့ရဲ့ ထည့်ဝင် စိုက်ထုတ်မှုတွေကို ကျွန်တော်တို့ ဂုဏ်ပြုနေတာဖြစ်ပါတယ်။ လူသားအားလုံး သူတို့ရဲ့ စွမ်းဆောင်ရည်အတိုင်း လုပ်ပိုင်ခွင့် ပြည့်မီရရှိနိုင်စေရေး အာမခံချက်ပေးဖို့လည်း ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုပါတယ်” လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

အမျိုးသမီးတွေဟာ တိုင်းပြည်ရဲ့ အကြီးကျယ်ဆုံးသော အရင်းအမြစ်တွေထဲက တခုဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းနေတဲ့ ဘယ်လူ့အဖွဲ့အစည်းမှာမဆို အမျိုးသမီးတွေ အတွက် စွမ်းဆောင်နိုင်ရည်တွေကို မြှင့်တင်ပေးရမှာ ဖြစ်သလို အမျိုးသားတွေ ရရှိစံစားနေပြီး ဖြစ်တဲ့ အခွင့်အရေးတွေ အတိုင်း အမျိုးသမီးတွေကိုလည်း မြှင့်တင်ရရှိစေရမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အသိအမှတ်ပြုပါတယ်။ အမျိုးသမီးများ အပေါ် ကန့်သတ် ဖယ်ကြဥ် တာတွေမရှိမယ့် ကမ္ဘာကြီး ဖန်တီးပြီး အမျိုးသမီးတွေကို ဂုဏ်ပြု လေးစားသမှု ပြသကာ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်တဲ့ နေရာတခုဖြစ်အောင် ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

XS
SM
MD
LG