Accessibility links

Breaking News

ပဋိပက္ခဒေသတွင်းအမျိုးသမီးများ အကာအကွယ်ပေးမှု (အမေရိကန်အစိုးရအာဘော်) 


နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield

အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားအပါအဝင် ပဋိပက္ခဒေသမှာရှိကြတဲ့ အမျိုးသမီးတွေဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ကုလသမဂ္ဂရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကပြောသွားပါတယ်။ အဲဒီဆွေးနွေးပွဲကိုကုလသမဂ္ဂဆိုင်ရာ EU ကိုယ်စားလှယ်တွေက ကြီးမှူးကျင်းပတာပါ။

အာဖဂန်နစ္စတန်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လိင်အခြေခံအကြမ်းဖက်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုတွေကိုပါ အသစ်တဖန် ကြုံတွေ့နေရပါတယ်လို့ သံအမတ်ကြီး Greenfield က သတိပေးပြောပါတယ်။ တာလီဘန်တို့ဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ထိန်းချုပ်နိုင် အောင် ရှေးဟောင်းအမိန့် ၈၀ ကျော်ကို ထုတ်ပြန်အတည်ပြုခဲ့သလို အသက် ၁၂ နှစ်ကျော်တဲ့ မိန်းကလေးငယ်တွေကိုလည်း ပညာသင်ကြားခွင့် ပိတ်ပင်လိုက်ပါတယ်။

လူမြင်ကွင်းတွေမှာ အမျိုးသမီးတွေကို သိပ်ပြီးမတွေ့ရအောင် ထိရောက်စွာတားမြစ်နိုင်တဲ့ 'ကျင့်ဝတ် ဆိုင်ရာဥပဒေ' ဆိုတဲ့ ကျင့်ဝတ်ဥပဒေတွေကိုလည်း အကောင်အထည်ဖော်လာပါတယ်။

အဲဒီလို ဖိနှိပ်မှုတွေဟာ လူ့အခွင့်အရေးကို ထိပါးတဲ့လုပ်ရပ်ဖြစ်သလို အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့စီးပွားရေးကိုပါ ခြိမ်းခြောက်တာလည်းဖြစ်ပါတယ်။ အချို့သောအကြောင်းအရာတွေကို လက်မခံနိုင်တဲ့အတွက်ကန့်ကွက်ဆန္ဒပြသူတွေဟာလည်း နှောင့်ယှက်တာ၊ ဖမ်းဆီးတာနဲ့ အကြမ်းဖက် တာ စတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ကြရတယ်လို့လည်း သံအမတ် Thomas-Greenfield က ပြောသွားပါတယ်။

အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကန့်သတ်ထားတဲ့ မူဝါဒတွေ၊ ဆောင်ရွက်ချက် တွေကို ချက်ချင်းပြောင်းလဲပစ်ဖို့နဲ့ တာလီဘန်တွေကိုရှုတ်ချတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတည်ပြုနိုင်ရေး အာရပ်စော်ဘွားများပြည်ထောင်စု၊ ဂျပန်နိုင်ငံတို့နဲ့ အမေရိကန်ပြည်ထောင်စုက ညီညွှတ်စွာလက်တွဲဆောင်ရွက်ခဲ့ပါတယ်။

“ကျားမတန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာဥပဒေတွေကို ကာလရှည်ကြာရင်ဆိုင်လာရတဲ့ ဆီးရီးယားနိုင်ငံကအမျိုးသမီးတွေဟာ ၁၃ နှစ်ကြာ ပြည်တွင်းပဋိပက္ခတွေကြောင့် ပိုပြီးထိခိုက် နစ်နာနေရပါတယ်” လို့ သံအမတ်ကြီးThomas-Greenfield က ပြောကြားခဲ့ပါတယ်။ “အာဆတ် အာဏာရှင်အစိုးရရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကြောင့် ဆီးရီးယားနိုင်ငံရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကပဲ ဆီးရီးယားအမျိုးသမီးတွေ ရုန်းထွက်ပြီး ငြိမ်းချမ်းရေးဘက် ဦးတည်သွားတာမျိုးဖြစ်လာအောင် ကျမတို့ တိုက်တွန်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။”

အကာအကွယ်အနည်းဆုံး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ် လို့လည်း သံအမတ်ကြီး Thomas-Greenfield က ပြောပါတယ်။ “အကြမ်းဖက်ပဋိပက္ခတွေဟာ အမျိုးသမီးတွေအပေါ်အချိုးအစားမမျှစွာ သက်ရောက်နေပါတယ်။ ဒါကြောင့်ပဲ ပဋိပက္ခတွေ အဆုံးသတ်သွားအောင်၊ ထပ်ဖြစ်မလာအောင်တားဆီးဖို့လိုအပ်ပါတယ်။ အဲဒီအချက်အလက်တွက "အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ" မှာအဓိက အာရုံစိုက်ခဲ့ကြတဲ့ အကြောင်းအရာလည်းဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှု ရံပုံငွေအဖွဲ့မှာ အမေရိကန်နိုင်ငံက ဒုတိယအများဆုံး ထည့်ဝင်လှုဒါန်းထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကစလို့ ဒေါ်လာ ၃၉ သန်းကျော် ထည့် ဝင်ခဲ့ပြီးပါပြီ။ နိုင်ငံတကာဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဥ်တွေမှာ ကျား-မ တန်းတူညီမျှမှုပိုမိုရရှိရေးအတွက် လည်း တခြားနိုင်ငံတွေနဲ့ အမေရိကန်က ပူးပေါင်းဆောင်ရွက်နေ ပါတယ်။

မိခင်တွေလောက် အခွင့်အရေးမရကြတဲ့ သမီးတွေ၊ အကြမ်းဖက်မှုနဲ့ကြုံခဲ့ရပေမယ့် တလှမ်းချင်း ရှေ့ဆက်လှမ်းနေကြတဲ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေအတွက် ကျမတို့ ခုလိုဆောင်ရွက်နေတာပါ။ အခြေခံလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ လူငယ်တွေဟာ ရဲစွမ်းသတ္တိရှိသူတွေဖြစ်ပါတယ်။ ခုလို မှန်ကန်တဲ့ဘက်က ရပ်တည်နေကြတဲ့ သူတွေနဲ့အတူကျမတို့ ဆက်ပြီးရပ်တည်ကြပါစို့လို့လည်း သံအမတ်ကြီး Greenfield ကပြောသွားပါတယ်။

XS
SM
MD
LG