Accessibility links

Breaking News

ပိုမို ဆိုးဝါးလာတဲ့ မြန်မာအကျပ်အတည်း (အမေရိကန်အစိုးရအာဘော်)


ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ် (Linda Thomas Greenfield)
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ် (Linda Thomas Greenfield)

၃ နှစ်ကျော်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခအတွင်း လူသားချင်းစာနာမှုအခြေအနေတွေဟာ ဆိုးသထက်ဆိုးလာနေပါတယ်။ ကုလသမဂ္ဂရဲ့မှတ်တမ်းတွေအရ လွန်ခဲ့တဲ့တနှစ်အတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူအရေအတွက်ဟာ ၁၇.၆ သန်းကနေ ၁၈.၆ သန်းအထိ ၁ သန်းတိုးလာခဲ့ပြီး ပြည်တွင်းအိုးအိမ်စွန့်ခွါထွက်ပြေးရသူ အရေအတွက်ဟာ ၁.၈ သန်းကနေ ၃ သန်းအထိ သုံးပုံနှစ်ပုံတိုးလာခဲ့ပါတယ်။ ဒီအထဲမှာ ကလေးနဲ့လူငယ်တွေဟာ အပြင်းထန်ဆုံး ထိခိုက်ခံစားရသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေဟာ အိုးအိမ်ဆုံးရှုံးမှု၊ ပညာရေးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ အစာရေစာမလုံလောက်မှု၊ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းနဲ့ဗုံးဆံအမြောက်ဆံတွေရဲ့ထိခိုက်မှု စတဲ့ဘေးအန္တရာယ်တွေနဲ့ဆုံးရှုံးမှုတွေကိုခံစားနေရပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ် (Linda Thomas Greenfield) ကပြောပါတယ်။

“မြန်မာကလေးငယ်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ဒဏ်ကိုခံစားရပါတယ်။ ဒါ့အပြင် ဒီပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဆယ်စုနှစ်တွေနဲ့ချီခံစားနေရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်အရေး ချဉ်းကပ်လုပ်ဆောင်ရာမှာ ကလေးတွေကို အကာအကွယ်ပေးရေးအစီအစဉ်တွေကို ဦးစားပေးဆောင်ရွက်ရပါမယ်။ ကလေးတွေကို ဦးစားပေး ကာကွယ်ရပါမယ်။ မြန်မာပြည်ရဲ့အနာဂတ် ပိုပြီးတော့ ငြိမ်းချမ်းဖို့၊ ဒီမိုကရေစီရှိဖို့ ဦးတည်ဖေါ်ဆောင်တဲ့ အစီအစဉ်တွေကို အပြည့်အဝ ပံ့ပိုးကူညီရပါမယ်။ အထူးသဖြင့်တော့ လူငယ်ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေကို ဖြစ်ပါတယ်။”

မကြာသေးမီကပဲ မြန်မာစစ်တပ်ဟာ ၂၀၁၀ ခုနှစ်ကပြဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖေါ်လိုက်ပါတယ်။ ထောာင်နဲ့ချီတဲ့ ရိုဟင်ဂျာအမျိုးသားနဲ့လူငယ်တွေကိုလည်း စစ်သားအဖြစ်စုဆောင်းခဲ့တယ်လို့ အစီရင်ခံချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီစစ်မှုထမ်းဥပဒေအရ အလွန်အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေအပေါ် အခွင့်ကောင်းယူ အသုံးချတာတွေဖြစ်လာသလို အကြောက်တရားသွတ်သွင်းမှု၊ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုတွေကိုသာဖြစ်စေမှာပါ လို့ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Thomas Greenfield ကပြောပါတယ်။

"မြန်မာစစ်တပ်နဲ့ ပဋိပက္ခအတွင်းပါဝင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေတွေနဲ့အညီ အရပ်သားတွေကိုအကာကွယ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုဖို့ ကျမတို့အားလုံးကဝိုင်းဝန်းတိုက်တွန်းရပါမယ်။"

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တော်ကြား ပိုမိုဆိုးရွားလာနေတဲ့အခြေအနေတွေကို မပြတ်စောင့် ကြည့်နေပါတယ်လို့လည်း သံအမတ်ကြီး သောမတ်စ်ဂရင်းဖီးလ်ကပြောပါတယ်။ ၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဟာ ၂၀၂၂နဲ့ ၂၀၂၃ နှစ် ၂ နှစ်ပေါင်းတိုက်ခိုက်မှုထက် ပိုများတယ်လို့လည်း သံမတ်ကြီး ကပြောဆိုခဲ့ပါတယ်။

“ ဒီ ၂၀၂၄ နှစ်ဆန်းပိုင်းမှာတင် မြန်မာစစ်ကောင်စီတပ်ဟာ တိုင်းပြည်အနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁ ထောင်နီးပါးလုပ်ခဲ့ပါတယ်။ ဒါဟာ ပျမ်းမျှအားဖြင့် ၁ ရက်ကို ၆ ကြိမ်ရှိပါတယ်။ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထဲက ၁ ကြိမ်ဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်တာဖြစ်ပြီး သုံးပုံတပုံဟာ အရပ်သားတွေကိုထိခိုက်တာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြား ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုကိုခံကြရပါတယ်။”

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံပါတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ တကမ္ဘာလုံးအတိုင်းအတာလှုပ်ရှားမှုနဲ့ ပြည့်ဝတဲ့ချဉ်းကပ်ဆောင်ရွက်မှုကသာလျင် မြန်မာနိုင်ငံရဲ့ ဆိုးဝါး ရှည်လျားလှတဲ့ပဋိပက္ခကို ငြိမ်းချမ်းစွာအဆုံးသတ်မယ့်နည်းလမ်းကို ဖေါ်ဆောင်နိုင်မှာဖြစ်ပါတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas Greenfield ကပြောခဲ့ပါတယ်။

XS
SM
MD
LG