Accessibility links

Breaking News

မြန်မာစစ်တပ်ရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေ ရပ်တံ့ဖို့ ကန်တောင်းဆို


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်း။ ဧပြီ ၁၁ ရက် ၂၀၂၃
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်း။ ဧပြီ ၁၁ ရက် ၂၀၂၃
မြန်မာစစ်တပ်ရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေ ရပ်တံ့ဖို့ ကန်တောင်းဆို
please wait

No media source currently available

0:00 0:03:30 0:00

မြန်မာစစ်တပ်ရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေ ရပ်တံ့ဖို့ ကန်တောင်းဆို

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် အုပ်ချုပ်မှု ဆန့်ကျင်သူတွေကို ဖြိုခွင်းမှုတွေကြောင့် ပြည်သူလူထုမှာ ဒုက္ခကြီးစွာ ခံစားခဲ့ရပြီး သေဆုံးသူ ၃,၀၀၀ ကျော်ရှိကာ ၁၇,၀၀၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသလို လူ (၁ ဒသမ ၃ သန်း)ကျော်ဟာလည်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

စစ်တပ်ဟာ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို သက်သေထူပြီး ဖြစ်တဲ့တိုင်အောင် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီးထဲက ရွာကလေးကို ပြားပြားဝပ်အောင် လေကြောင်းကနေ ဗုံးကြဲခဲ့တာဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပိုပြီး ထင်ရှားပေါ်လွင်စေခဲ့ပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် လူရာပေါင်းများစွာဟာ ဒီမိုကရေစီ လိုလားတဲ့အဖွဲ့တခုက တည်ဆောက်ထားတဲ့ အဆောက်အအုံ ဖွင့်ပွဲကို ဆင်နွှဲဖို့ စုဝေးနေချိန်မှာ စစ်တပ်က ရွာသားတွေကို ဗုံးအများအပြား ကြဲချခဲ့ကြောင်း သိရပါတယ်။ ဒီနောက် လူများထွက်ပြေးဖို့ ကြိုးပမ်းနေတုန်းမှာပဲ စစ်ရဟတ်ယာဉ် ရောက်လာပြီး ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။ တရားဝင် စာရင်းအတိအကျ မသိရပေမယ့် ခန့်မှန်းခြေ သေဆုံးသူ ၁၀၀ ကျော်ရှိပြီး အများစုမှာ ကလေးငယ်များဖြစ်ပါတယ်။

ဆိုးဆိုးရွားရွား လူသေဆုံးမှုတွေနဲ့အတူ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို စစ်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။ ဥပမာ မနှစ် အောက်တိုဘာလကလည်း မြန်မာနိုင်ငံမြောက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု တခုအတွင်း လူ ၈၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တိုက်ခိုက်မှု မဖြစ်ခင် တရက်အလို ဧပြီ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၉ ဦး သေဆုံးခဲ့ပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တုန်လှုပ်ခြောက်ခြား ကြီးစွာနဲ့ ရှုတ်ချ တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel က “ ဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ စစ်အစိုးရရဲ့ လူ့အသက်အပေါ် လျစ်လျူရှုမှုနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် သူ့ရဲ့တာဝန်ရှိမှုကို ပိုမိုထင်ရှားစေပါတယ်။”

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လကာ တာ့ခ် Volker Turk ကလည်း စစ်ကိုင်းတိုင်း ထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး “သေဆုံးသူတွေထဲမှာ အကတွေ ဖျော်ဖြေနေတဲ့ ကျောင်းသားလေးတွေနဲ့ တခြားအရပ်သားတွေ ပါပါတယ်” လို့ ပြောပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ နဗီလာ မာစရာလီ Nabila Massrali ကလည်း “အပြစ်မဲ့ အရပ်သား ဒါဇင်နဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကြောင့် အီးယူအနေနဲ့ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်မိတယ်”လို့ ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel ပတေးက “ မြန်မာစစ်အစိုးရကို ပြောလိုတာက ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဟန့်အတားမရှိ ဝင်ရောက် ကူညီခွင့်ပြုဖို့နဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ဆန္ဒကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

“စစ်တပ်အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး စည်းမျဉ်းတွေ အပါအဝင် နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်က သူ့ရဲ့တာဝန်တွေကို လိုက်နာရပါမယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်အစိုးရကို တာဝန်ခံဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လက်တွဲပြီး အမေရိကန်ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

XS
SM
MD
LG